Sunday 22 June 2014

ကမာရွတ်မြို့နယ် လှည်းတန်းဈေးအနီးတွင် လျှပ်စစ်ဓာတ်ကြိုးပြတ်ကျ၍ ဓာတ်လိုက်ပြီး နှစ်ဦး သေဆုံး၊ နှစ်ဦး ဒဏ်ရာရရှိ

လျှပ်စစ်ဓာတ်ကြိုးပြတ်ကျပြီး သေဆုံးသွားသော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးအား အခင်းဖြစ်ပွားရာနေရာ၌ တွေ့ရစဉ်
ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ၃ ရပ် ကွက်တွင် ဇွန် ၂၁ ရက် ညနေ ၅ နာရီ မိနစ် ၃ဝ ခန့်က မိုးသည်းထန်းစွာ ရွာနေချိန် လျှပ်စစ်ဓာတ်ကြိုးပြတ်ကျရာမှ ဓာတ်လိုက်ပြီး  လူနှစ်ဦး အခင်းဖြစ်နေရာတွင်
 သေဆုံးကာ  လူနှစ်ဦးဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လှည်းတန်းဈေးအနီး ထန်းတပင်လမ်း နှင့် ပေ ၅ဝ လမ်းထောင့်ရှိ ဓာတ်တိုင်မှ ပြတ်ကျသွားသော လျှပ်စစ်ဓာတ်ကြိုးမှာ ၄ဝဝ ကေဘီအမျိုးအစား ဟောင်းနွမ်းနေသော ဓာတ်ကြိုးအဟောင်းဖြစ်ကြောင်း ကမာရွတ်မြို့မရဲစခန်းမှ သတင်းရရှိသည်။

 အဆိုပါ ဓာတ်ကြိုးပျက်ကျမှုကြောင့် အသက် ၂၃ နှစ်ရွယ် အမျိုးသမီးတစ်ဦးနှင့်  အသက် ၄၉ နှစ်
ခန့်ရှိ အမျိုးသားတစ်ဦးတို့ ဓာတ်လိုက်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ယင်း ဓာတ်တိုင်အနီး ကုန်ဈေးရောင်းချနေသော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးမှာ ဒဏ်ရာရရှိသွားကြောင်း သိရသည်။  

“အခင်းဖြစ်ပွားမှုကြောင့် လူနှစ်ဦးသေပြီး နှစ်ဦးဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့ နှစ်ဦးကို အနောက်ပိုင်း ခရိုင်ဆေးရုံမှ ကုသမှုခံယူနေတယ်”ဟု ကမာရွတ်မြို့မရဲစခန်းမှူး ဒုရဲမှူးမောင်မောင်ဦးက ပြောကြားသည်။

ဖိနပ်ဆိုင်မှ အမျိုးသားတွင် ဝဲဘက်ပါး ပွန်းစုတ်ဒဏ်ရာရှိပြီး သတိလစ်မေ့မြောနေကြောင်း၊  
အမျိုး သမီး မှာ အောက်နှုတ်ခမ်းပေါက်ပြဲဒဏ်ရာ ဝဲပေါင်နှင့် ဒူးခေါင်းအောက် ပွန်းစုတ်ဒဏ်ရာ၊ ဝဲလက်မောင်းရင်း ပွန်းစုတ်ဒဏ်ရာတို့ရရှိခဲ့ပြီး အတွင်းလူနာစိုးရိမ်ရအဖြစ် ကုသလျက်ရှိကြောင်း သိရသည်။

 
“လေတိုက်လို့ ဓာတ်ကြိုးတွေလှုပ်ခါပြီး ဓာတ်ကြိုးတွေ ကြိုးချင်းပူးပြီး ပြတ်ကျသွားတာပါ။ ပြတ်ကျသွားတဲ့ ဓာတ်ကြိုးကို လဲလှယ်ပြီးသွားပါပြီ။ အောက်ကို တိုက်ရိုက်ပြတ်မကျနိုင်တဲ့ ပိုက်တွေခံပြီး ပြန်လည်သွယ်တန်းပေးထားပါတယ်။ လျှပ်စစ်ဓာတ်အားကိုလည်း ပြန်လည်လွှတ်ပေးထားပါတယ်”ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့၊ အနောက်ပိုင်းခရိုင်အဖွဲ့မှ ခရိုင်မှူးဦးခိုင်ဇော်ငြိမ်းက ဇွန် ၂၁ ရက် ညပိုင်းက ပြောကြားခဲ့သည်။

“ဓာတ်ကြိုးတွေ ပြတ်ကျတဲ့အချိန်မှာ မိုးတွေက သည်းနေတယ်။ ဒီနားမှာ ဈေးရောင်းနေသူတွေ ရှိတယ်။ အဲဒီနားက ကုန်စိမ်းရောင်းနေတဲ့အမျိုးသမီးက ဓာတ်လိုက်ပြီး အဲဒီနေရာမှာ သေသွားတယ်။ ပြီးတော့ ဒီနားမှာရှိတဲ့ ဖိနပ်ဆိုင်ကို ဖိနပ်လာပို့တဲ့ကားက အမျိုးသားတစ်ယောက်လည်း ဓာတ်လိုက်ပြီး သေတယ်။ ဖိနပ်ဆိုင်က အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးလည်း ဓာတ်လိုက်သွားတယ်” ဟု ကမာရွတ်မြို့နယ် အရန် မီးသတ် တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

ဓာတ်ကြိုးပြတ်ကျမှုဖြစ်ပွားခဲ့သည့် ပေ ၅ဝ လမ်းတွင် နေထိုင်သူတစ်ဦးက “အခုတစ်ကြိမ် ဓာတ်ကြိုးပြတ် တာနဲ့ဆို ငါးကြိမ်လောက်ရှိပြီ။ အရင်တုန်းကတော့ ကိုယ့်ဘာသာပြင်ကြတယ်။ အခုတစ်ကြိမ်ပြတ်ကျတဲ့ အခါမှာတော့ လူပါသေတယ်။ ဒီလမ်းထဲမှာ နေတဲ့သူတွေနဲ့ ဖြတ်သန်းသွားလာတဲ့ ပြည်သူတွေအတွက် အရမ်းကို စိုးရိမ်းစရာကောင်းပါတယ်။ ဖြစ်မှလာပြင်ကြတာထက် ဟောင်းနေတဲ့ဓာတ်ကြိုးတွေကို အရင် ကတည်း က လာလဲထားရမှာ။ ဓာတ်အားတွေမမှန်၊ မီးလာတာ မမှန်နဲ့ အခုလိုမိုးရွာနေတဲ့အချိန် ပြတ်ကျ တော့ အပြစ်မရှိတဲ့ ပြည်သူတွေပဲကြားထဲကသေရတယ်”ဟုဆိုသည်။  

Eleven Media Group 

No comments:

Post a Comment