Sunday 22 June 2014

ရန်ကုန်တွင် မီးဖိုချောင်သုံးဂက်စ် ဈေးနှုန်းထပ်တက်

ထိုင်းနိုင်ငံဘက်က တင်သွင်းလို့ မရတဲ့ အတွက် ရန်ကုန်မှာ မီးဖိုချောင်သုံး ဂက်စ်ဈေးနှုန်း သုံးဆလောက် အထိ တက်နေပြီး တချို့ဆိုင်တွေမှာ ရောင်းစရာ မရှိဘူး ဖြစ်နေပါတယ်။

LPG GASဒီလဆန်းပိုင်းလောက်ကစ ဂက်စ်ဈေးနှုန်းတွေ တက်လာခဲ့ပြီး ၁ ကီလိုကို ၁၄၀၀ ကျပ်ကနေ ဒီနေ့ဆိုရင်တော့ ၄၀၀၀ ကျပ်အထိ မြင့်တက်လာတယ်လို့ လက်ဖက်ရည်ဆိုင်ပိုင်ရှင် ကိုအောင်ဇော်မင်းက ပြောပါတယ်။
“မုန့်လုပ်တာ ဂက်စ်သုံးတာပေါ့။ အရင် ဂက်စ်ဈေးနဲ့ဆိုရင် ၁ ဆ ကွာသွားတာပေါ့။ အဲဒါမျိုး ဂက်စ်ဈေးတွေ ဈေးကြီးတော့ မသုံးတော့ဘူး။ ထင်းနဲ့ပဲ သုံးနေတယ်။ ဒီလိုဆက်တက်နေရင် ကျနော်တို့က ဆက်တက်ရင် မကိုက်ဘူးလေ။”

ထိုင်းနိုင်ငံကနေ တင်ပို့ခွင့်ကို ပိတ်လိုက်တဲ့အတွက် လက်ကျန်ပစ္စည်းတွေကိုပဲ ရောင်းချနေရတဲ့အတွက် အခုလိုဈေးတက်တာပါလို့ အရောင်းဆိုင်တွေက ပြောပါတယ်။

ဂက်စ် အရောင်းဆိုင် တာဝန်ခံတဦးကတော့ ပြီးခဲ့တဲ့ တပတ်လောက်ကပဲ ရောင်းစရာ မရှိတော့ပါဘူးလို့ ပြောပါတယ်။ တချို့ဆိုင်တွေကတော့ ဖောက်သည်တွေကို ရှင်းပြပြီး ပမာဏလျှော့ရောင်းပေးနေတယ်လို့ ပြောပါတယ်။

အိမ်သုံးဂက်စ်တွေကို ကုမ္ပဏီ ၅ ခုက အဓိက တင်သွင်းနေတာဖြစ်ပါတယ်။ လက်ရှိဖြန့်ဖြူးပေးနေတဲ့ အခြေအနေကို Asia World ကုမ္ပဏီရဲ့ ဂက်စ်အရောင်း တာဝန်ခံ ကိုချစ်ကိုက ဒီဗွီဘီကို အခုလို ပြောပါတယ်။
“ယိုးဒယားလိုင်းက အပေါ်ကော အောက်ကော ပိတ်ထားတော့ ပစ္စည်းက သွင်းလို့ မရဘူးဖြစ်နေတယ်။ သွင်းလို့မတော့ လက်ကျန်လေးတွေပဲ ဖြန့်နေရတယ်။ သွင်းမရတော့ ကျနော်တို့မှာလည်း အခက်အခဲ ဖြစ်တာပေါ့။ နည်းနည်း ဒုက္ခရောက်တာပေါ့။”

အခုလို ဈေးနှုန်းမြင့်တက်နေတာနဲ့ ပစ္စည်းပြတ်လပ်မှုအပေါ်မှာ ထိပ်တန်းဝင်း ဂက်စ် ရောင်းဝယ်ရေးရဲ့ တာဝန်ခံ ဦးစိုးလှိုင်က အခုလို ပြောပါတယ်။

“ဒါပေမယ့် ဒီဟာကိုလည်း ဒီလိုပွင့်လာနိုးနိုး မျှော်နေလို့လည်း မရဘူး။ ကိုယ်ကလည်း ဒီဘက်ကနေ တခြား ဘယ်လိုနည်းလမ်းမျိုးက လုပ်ရမလဲ ဒါကိုလည်း ပြန်ပြီး ကြံဆရမယ်။ အခုလက်ရှိကတော့ တရုတ်ပြည် ဖက်က သွင်းဖို့ ကြိုးစားနေတဲ့ လူတွေလည်း ရှိတယ်။ လိုင်စင်လျှောက်ပြီး သွားပြီ။ စွမ်းအင်ဝန်ကြီး ဌာနကလည်း ဒါကို ပုဂ္ဂလိကတွေရဲ့ တကယ်လုပ်ကိုင်နိုင်စွမ်း ရှိတဲ့လူတွေကို ကြည့်ပြီး ချပေးမယ်ဆိုရင် အဆင်ပြေသွားမှာပါ။”

တခြားနိုင်ငံတွေက တင်သွင်းမယ်ဆိုရင်တောင် အရင်ရောင်းဈေးနှုန်းထက်တော့ ပိုမြင့်မယ်လို့လည်း ဂက်စ်အရောင်းဆိုင်တွေက ခန့်မှန်းကြပါတယ်။

ဒီဗွီဘီ

No comments:

Post a Comment