Sunday 22 June 2014

ကုလသမဂ္ဂအထူးသံတမန် အိန်ဂျလီနာဂျိုလီ ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းသို့ သွားရောက်

ကုလသမဂ္ဂအထူးသံတမန် အိန်ဂျလီနာဂျိုလီ ထိုင်း-မြန်မာနယ်စပ်ရှိ Ban Mai Nai Soi ဒုက္ခသည်စခန်းတွင် ကရင်နီဒုက္ခသည်များနှင့် တွေ့ဆုံစဉ်
ကုလသမဂ္ဂအထူးသံတမန်တစ်ဦးဖြစ်သည့် ဟောလိဝုဒ်မင်းသမီး အိန်ဂျလီနာဂျိုလီသည်  ဇွန် ၂ဝ 
ရက် တွင် ထိုင်းနိုင်ငံမြောက်ပိုင်း Ban Mai Nai Soi ဒုက္ခသည်စခန်းရှိ မြန်မာဒုက္ခသည်များထံ သွားရောက်ခဲ့သည်ဟု  UNHCR က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ဂျိုလီသည် ယင်းစခန်းတွင် ဒုက္ခသည်များနေထိုင်ရသည့် အခြေအနေများကို လေ့လာသုံးသပ်ခဲ့ပြီး အသက် ၇၅ နှစ်အရွယ်ရှိ ကရင်နီဒုက္ခသည် ဘောမားနှင့် စကားပြောဆိုခဲ့သည်ဟု သိရသည်။ လွန်ခဲ့သည့် ၁၈ နှစ်တွင် ခင်ပွန်း၊ ကလေးများနှင့်အတူ ထိုင်းနိုင်ငံမြောက်ပိုင်းမှ နှစ်ကီလိုမီတာအကွာ ရှိ Ban Mai Nai Soi ဒုက္ခသည်စခန်းသို့ ပြောင်းရွှေ့ခဲ့ပုံများကို ပြောပြခဲ့သည်ဟု သိရသည်။ မိမိ၏မြေးများကို ယင်းစခန်းတွင်ပင် မွေးဖွားခဲ့သည်ဟု ဘောမားက ပြောကြား ခဲ့သည်။

ဂျိုလီသည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး၏ အထူးကိုယ်စားလှယ်တစ်ဦးအဖြစ် ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။ ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ တစ်ဝန်းတွင် ဒုက္ခသည် ၅၁ ဒသမ ၂ သန်းကျော် ရှိလာပြီဖြစ်သောကြောင့် ရက်စက်သောအကြမ်းဖက်မှု များကို အဆုံးသတ်ရေးအတွက် အရေးတကြီးဆောင်ရွက်ရန် ဂျိုလီက တိုက်တွန်းခဲ့သည်။

UNHCR ၏ နောက်ဆုံးထုတ်ပြန်သည့် အစီရင်ခံစာအရ ကမ္ဘာတစ်ဝန်းရှိ ဒုက္ခသည်အရေအတွက်သည် ၂ဝ၁၂ ခုနှစ်နှင့် ၂ဝ၁၃ ခုနှစ်အကြား ၆ သန်းကျော် မြင့်တက်လာသည်ဟု သိရသည်။

 
ဆီးရီးယားနှင့် အီရတ်တွင် ဖြစ်ပွားနေသည့် ပဋိပက္ခများသည် ဒေသတွင်းငြိမ်းချမ်းရေးကို ခြိမ်းခြောက်လာပြီး ကမ္ဘာတစ်ဝန်း ငြိမ်းချမ်းရေးနှင့်လုံခြုံရေးကို အကျိုးသက်ရောက်မှုရှိလာကြောင်း ဂျိုလီက ပြောကြားခဲ့သည်။

“ဒုက္ခသည်အရေအတွက် မြင့်မားလာခြင်းသည် ပဋိပက္ခများကိုပြေလည်အောင် လုပ်ဆောင်နိုင်ခြင်းမရှိသေးသည်ကို  ပြသခြင်းဖြစ်သည်”ဟု ဂျိုလီက ပြောကြားခဲ့သည်။

ကမ္ဘာတစ်ဝန်းတွင် ဖြစ်ပွားသည့် ပဋိပက္ခများကို ဖြေရှင်းရန် ကြိုးပမ်းဆောင်ရွက်ရေးသည်သာ တစ်ခုတည်း သော ဖြေရှင်းမှုဖြစ်သည်ဟု ဂျိုလီက ပြောကြားခဲ့သည်။ နိုင်ငံရေးပြဿနာအတွက် လူသားချင်းစာနာ ထောက်ထားသည့် ဖြေရှင်းနည်းမရှိဟု ၎င်းကပြောကြားခဲ့သည်။

အသက် ၃၉ နှစ်အရွယ်ရှိ အော်စကာဆုရ သရုပ်ဆောင် ဂျိုလီသည် စစ်ပွဲအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် မှုများ အဆုံးသတ်ရေးအတွက် ကြိုးပမ်းလုပ်ဆောင်နေသူ ဖြစ်သည်။

Eleven Media Group 

No comments:

Post a Comment