Sunday 22 June 2014

နိုင်ငံရေးပါတီ တစ်ခုကို ထောက်ခံအားပေးရန် ဖွဲ့စည်းထားသော အဖွဲ့အစည်း မဟုတ်ကြောင်း မဘသညီလာခံ ကြေညာ

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ မဘသသည် နိုင်ငံရေးပါတီ တစ်ခုကို ထောက်ခံအားပေးရန် ဖွဲ့စည်းထားသော အဖွဲ့အစည်း မဟုတ်ကြောင်း အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) နှစ်ပတ်လည် ညီလာခံတွင် ထုတ်ပြန်ကြောင်း အဆိုပါအဖွဲ့ဝင် ဒေါက်တာသောပါကက မိန့်ကြားသည်။

ဇွန်လ ၂၁ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အောင်ဆန်းတပ်ဦး ကျောင်းတိုက်တွင် ပြုလုပ် သော အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ နှစ်ပတ်လည် ညီလာခံတွင် မဘသသည် နိုင်ငံရေး ပါတီ တစ်ခုကို ထောက်ခံအားပေးရန် ဖွဲ့စည်းထားကြောင်း မီဒီယာအချို့တွင် ဖော်ပြထားမှုနှင့် ပတ်သက်ပြီး အထက်ပါအတိုင်း ကြေညာချက် ထုတ်ပြန်ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ဘာသာ သာသနာကို ကာကွယ်ချင်ယောင်ဆောင်ပြီး နိုင်ငံရေး အသုံးချခံတွေ မဖြစ်အောင် ဂရုစိုက် သတိထား ရှောင်ရှားရပါမယ်” ဟု မဘသဥက္ကဋ္ဌ ဆရာတော် အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက် ဆရာ တော် ဘဒ္ဒန္တတိလောကာဘိဝံသက မိန့်ကြားသည်။

နှစ်ပတ်လည် ညီလာခံ ကြေညာချက်အတွင်း ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးဖန်တီးရာတွင် ဗုဒ္ဓဘာသာဝင် များကို ထိခိုက်နစ်နာအောင် တစ်ဖက်သက် ရိုက်ကူးတင်ဆက်မှုများကို ရှောင်ကြဉ်ကြရန် တိုက်တွန်း ကြောင်း ပါရှိသည်။

ထို့အပြင် မဘသအဖွဲ့ဝင် တစ်ဦးတစ်ယောက်က ၎င်း၏ စိတ်ဆန္ဒအတိုင်း ဖော်ထုတ် ပြောကြားမှုများသည် မဘသအဖွဲ့ (ဗဟို) ၏ တရားဝင် သဘောထား ထုတ်ပြန်ချက် မဟုတ်ကြောင်း ထုတ်ပြန် ကြေညာချက်တွင် ထည့်သွင်းထားသည်။

မဘသသည် ပဋိပက္ခ ပြေလည်ငြိမ်းအေးမှုကို ရှေးရူသော အမျိုးစောင့်ဥပဒေ ပေါ်ပေါက်ရေးကိုသာ အလေး ပေး ဆောင်ရွက်မည် ဖြစ်ပြီး နိုင်ငံရေးပါတီများ၊ ကိုယ်ကျိုးရှာ နိုင်ငံရေးသမားများ၊ ဘာသာခြား၊ လူမျိုးခြား များ၏ အသုံးချမှုများကို သတိထား ရှောင်ရှားသွားမည် ဖြစ်ကြောင်း မဘသ (ဗဟို) ထံမှ သိရသည်။

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့က တိုက်တွန်း တောင်းဆိုမှုကြောင့်၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ လအတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ကိုးကွယ်ခြင်း၊ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ၊ လက်ထပ် ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေနှင့် လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေများကို ပြဋ္ဌာန်းပေးရေး သုံးသပ်စဉ်းစားပေးရန် ပြည်ထောင်စုလွှတ်တော် နာယကထံ သဝဏ်လွှာ ပေးပို့ခဲ့သည်။

The Voice Weekly 

No comments:

Post a Comment