Sunday 22 June 2014

သတင်းမီဒီယာအချို့ကို သတင်းတပ်ဖွဲ့က ခေါ်ယူတွေ့ဆုံ

မြန်မာနိုင်ငံရဲတပ်ဖွဲ့ သတင်းတပ်ဖွဲ့က ရန်ကုန်မြို့တော်အခြေစိုက် သတင်းမီဒီယာများမှ အယ်ဒီတာအချို့ကို ဇွန်လ ၂၁ ရက်နေ့ မွန်းလွဲပိုင်းက ခေါ်ယူတွေ့ဆုံ မေးမြန်းခဲ့သည်။

နေ့စဉ်ထုတ် ပုဂ္ဂလိကသတင်းစာနှင့် အပတ်စဉ်ထုတ် စာစောင်အချို့တွင် လစဉ် ငွေကျပ်သိန်းရာချီ အရှုံးပေါ် နေသည် သတင်းများ ထွက်ပေါ်နေသော်လည်း ဆက်လက် ထုတ်ဝေနေသည်ကို တွေ့ရသဖြင့် ငွေကြေး ခဝါမှုနှင့် အခြားမလိုလားအပ်သော ကိစ္စရပ်များကို ကြိုတင်တားဆီးနိုင်ရန် တွေ့ဆုံမေးမြန်းခြင်း ဖြစ်ကြောင်း သတင်းတပ်ဖွဲ့မှ အကြီးတန်း အရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။ 

“ဝန်ထမ်းအင်အား အခြေအနေ၊ ထုတ်လုပ်မှု ကုန်ကျစရိတ်၊ ကြော်ငြာဈေးနှုန်း၊ ဝန်ထမ်းတွေရဲ့ လုပ်ခလစာ တွေကို မေးတယ်။ သူတို့အဓိက သိချင်တာကတော့ စာစောင်တွေရဲ့ အရှုံးအမြတ် အခြေအနေပါ” ဟု သတင်းတပ်ဖွဲ့ ခေါ်ယူမေးမြန်းခြင်းခံရသူ အယ်ဒီတာတစ်ဦးက ပြောကြားသည်။

သတင်းတပ်ဖွဲ့က ယင်းတွေ့ဆုံ မေးမြန်းမှုများကို ရန်ကုန်မြို့တော်အခြေစိုက် မီဒီယာအများစုကို ပြုလုပ်ရန် ရှိပြီး ဇွန်လ ၂၁ ရက်နေ့က Myanmar Post ဂျာနယ်နှင့် The Voice ဂျာနယ်တို့ကို စတင်တွေ့ဆုံ မေးမြန်းခဲ့သည်။

“ရုံးကိုတော့ ဖုန်းဆက်ခေါ်တယ်ဗျ။ ဘာကိစ္စမှန်း မသိဘူး။ မသွားရသေးဘူး” ဟု ပြည့်သူ့ခေတ်ဂျာနယ်မှ စာရေးဆရာ ဦးဖေမြင့်က ပြောကြားသည်။

သတင်းတပ်ဖွဲ့မှ တာဝန်ရှိသူနှစ်ဦးက ယူနတီဂျာနယ် တာဝန်ရှိသူကို ပန်းဆိုးတန်း သတင်းတပ်ဖွဲ့ရုံးသို့ လာ ရောက်ရန် လူကိုယ်တိုင် ဖိတ်ကြားခဲ့ကြောင်း ယူနတီဂျာနယ်မှ ရုံးအဖွဲ့မှုး ဦးအောင်ဝင်းထွန်းက ပြောကြားသည်။

The Voice Weekly 

No comments:

Post a Comment