Sunday 22 June 2014

၁၉၈၈ ခုနှစ် ဇွန် ၂၁ ရက် ကျောင်းသားလှုပ်ရှားမှုတွင် ကျဆုံးသွားသည့် ကျောင်းသားများအား ဂုဏ်ပြုအလေးပြုပွဲကို မြေနီကုန်းမီးပွိုင့်၌ ပြုလုပ်

ဇွန်၂၁ ရက် မြေနီကုန်းမီးပွိုင့်၌ ပြုလုပ်ခဲ့သော ဂုဏ်ပြုအလေးပြုပွဲအား မြင်တွေ့ရစဉ်
၁၉၈၈ ခုနှစ် ဇွန် ၂၁ ရက် ကျောင်းသားလှုပ်ရှားမှုတွင် ကျဆုံးသွားသည့်ကျောင်းသားများအား ဂုဏ်ပြုသည့် အနေဖြင့် အလေးပြု ပွဲကို မြေနီကုန်းမီးပွိုင့်၌ ပြုလုပ်ခဲ့သည်။

ယင်းဂုဏ်ပြုအလေးပြုပွဲကို ဇွန် ၂၁ ရက် မွန်းလွဲ ၃ နာရီခန့်တွင် အဆိုပါကျောင်းသားလှုပ်ရှားမှုတွင် ပါဝင် ခဲ့သော ကျောင်းသားကျောင်းသူဟောင်း ၂ဝ ဦးခန့်တို့မှ ပြု လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 “ဒီနေရာမှာ ကျဆုံးသွားတဲ့ ငါတို့ ကျောင်းသားတွေနဲ့ ခေတ်အဆက်ဆက် ဒီမိုကရေစီတော်လှန်ရေးမှာ ကျဆုံးသွားကြတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူအပေါင်းအား ဦးညွှတ်အလေးပြု” ဟုဆိုကာ ဇွန် ၂၁ ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည့် ကျောင်းသားကျောင်းသူဟောင်းများမှ နှင်းဆီပန်းများဖြင့် ဦးညွှတ် အလေးပြုခဲ့ကြသည်။

“ကျွန်တော်တို့ ဒီအလေးပြုပွဲကိုလုပ်ရတဲ့ အကြောင်းကတော့ အဲဒီ ဇွန် ၂၁ ရက်က အခြေခံပညာ ကျောင်းတွေ အပိတ်ခံရလို့ ကျောင်းသားတွေ လမ်းပေါ်ထွက်ပြီး ပြည်လမ်းတစ်လျှောက် ဆင်းလာတဲ့အခါမှာ ဒီမြေနီကုန်းမီးပွိုင့်မှာ တားဆီးပြီး စစ်တပ်ကနေ အကြမ်းဖက်ဖြိုခွင်းရာမှာ သေဆုံးသွားကြတဲ့ ကျောင်းသား ကျောင်းသူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ လုပ်ကြတာပါ။ ကျွန်တော်တို့ ၈၈ နောက်ပိုင်းကတည်းက နှစ်တိုင်း လုပ်လာ ခဲ့တာ ခုဆိုရင် ၂၆ ကြိမ်မြောက် ရှိပါပြီ” ဟု အဆိုပါဂုဏ်ပြုအလေးပြုပွဲတွင် ပါဝင်ခဲ့သည့် ကျောင်းသား ဟောင်းတစ်ဦးဖြစ်သူ ဦးစိုးမိုးထွန်းက ပြောကြားသည်။

၁၉၈၉ ခုနှစ် ဇွန် ၂၁ ရက် မြေနီကုန်းမီးပွိုင့် ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်ခဲ့သည့် ဂုဏ်ပြုအလေးပြုပွဲအား ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပန်းစည်းလာရောက်ပို့ဆောင်ကာ ဂုဏ်ပြုခဲ့ကြောင်း သိရသည်။

၎င်းတို့ပြုလုပ်ခဲ့သော ဂုဏ်ပြု အလေးပြုပွဲမှာ သက်ဆိုင်ရာသို့ ကြိုတင် အကြောင်းကြားကာ ခွင့်ပြုမိန့်ရယူ ခဲ့ခြင်းမရှိခဲ့ကြောင်းလည်း သိရသည်။

Eleven Media Group

No comments:

Post a Comment