Sunday 22 June 2014

တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းကြောင့် ပျက်စီးခဲ့ရသော သီးနှံများအတွက် ပေးလျော်သည့်ပမာဏ နည်းလွန်းသည်ဟုဆိုကာ ဒေသခံတောင်သူများ လွှတ်တော်သို့တင်ပြရန် ပြင်ဆင်

နတ်ရေကန်တောင်ကြောပေါ်တွင် မင်းဘူး-အမ်း ကားလမ်းနှင့်အပြိုင် ပိုက်လိုင်းဖြတ်သန်း တည်ဆောက် ထားသည့် တစ်နေရာအား တွေ့ရစဉ်
တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကြောင့် ဆက်စပ်ပျက်စီးခဲ့ရသော မကွေးတိုင်း ငဖဲ မြို့နယ် ဂုတ်ကြီးဒေသ နတ်ရေကန်တောင်ကြောပေါ်မှ သီးနှံများအတွက် ပေးလျော်သည့်ပမာဏမှာ အမှန် တကယ် ရရှိသင့်သည်ထက် ဆယ်ပုံတစ်ပုံခန့်သာ ရှိသည်ဟုဆိုကာ လျော်ကြေးမယူသည့် တောင်သူများ ကိစ္စ လွှတ်တော်သို့ တင်ပြနိုင်ရန် လယ်ယာမြေစုံစမ်းစစ်ဆေးရေးကော်မတီ အဖွဲ့ဝင်များထံ အချက်အလက် များပေး၍ ၎င်းတို့နှင့် တိုင်ပင်ဆွေးနွေးထားကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

ဇွန် ၁ဝ ရက်နှင့် ၁၁ ရက်များက ငဖဲမြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွင် ယင်းပိုက်လိုင်းမှ ပြိုကျသောမြေများ ပိမိသည်သီးနှံများအတွက် တစ်ဧကလျှင် ကျပ် ၃၉၉ဝဝဝဝ နှုန်း လျော်ကြေးငွေပေးခဲ့ကြောင်း၊ ထိုသို့ ပေးသည့် ငွေမှာ ပင်မပိုက်လိုင်းကြီးအတွက် လျော်ကြေးငွေပေးခဲ့စဉ်က သီးနှံပင်အမျိုးအစားအလိုက် အပင်အရေ အတွက်နှင့် တွက်ချက်ပေးသည်နှင့်စာလျှင် အဆမတန် နည်းနေသောကြောင့် အရှိုချင်း လူမျိုးတောင်သူ ဦးရေ ၁ဝဝ ခန့်က လျော်ကြေးလုံးဝမယူခဲ့ ဘဲ ၎င်းတို့၏ နစ်နာမှုများကို လွှတ်တော်သို့ တင်ပြရန် စီစဉ်ခဲ့ကြောင်း ကာယကံရှင်များထံမှ သိရသည်။

“သက်ဆိုင်ရာအဖွဲ့တွေက နှစ်ကြိမ်ကွင်းဆင်းစစ်ဆေးတုန်းက လျော်ကြေးပေးမယ် ပြောတယ်။ တကယ် ပေးတဲ့ နေ့ကျ ထောက်ပံ့ကြေးလို့ ပြောပေးတယ်။ အဲဒါကို မရှင်းလင်းလို့မေးတော့လည်း ငဖဲအုပ်ချုပ်ရေး မှူးက ကျေနပ်ရင် ယူ၊ မကျေနပ်ရင်မယူနဲ့လို့ ပြောခဲ့တယ်။ သူတို့လျော်ကြေးပေးနေတာက ခုတစ်မျိုး၊ တော်ကြာတစ်မျိုးနဲ့ တောင်သူချင်း သွေးခွဲနေသလိုပဲ။ ကျွန်တော်တို့ရဲ့နစ်နာမှုတွေကို တာဝန်ရှိသူတွေ သိစေချင်လို့လွှတ်တော်အထိ တင်ပြနိုင်ဖို့ ကြိုးစားနေတာပါ” ဟု ဂုတ်ကြီးကျေးရွာမှ လျော်ကြေးမယူခဲ့သည့် တောင်သူ ဦးရန်နောင်ထွန်းက ဆိုသည်။

ယင်းပိုက်လိုင်း တည်ဆောက်ရေးလုပ်ငန်းခွင်များပြီးဆုံး၍ တစ်နှစ်ခွဲခန့်ကြာသည် အထိလျော်ကြေး မရသေးသောကြောင့် မေလဆန်းပိုင်းက ဂုတ်ကြီးကျေးရွာတွင် အရှိုချင်းလူမျိုး ၂ဝဝ ကျော်ခန့် ဆန္ဒပြခဲ့ ပြီးနောက် အဆိုပါကဲ့သို့ လျော်ကြေးပေးခဲ့ခြင်းဖြစ်ကြောင်း၊ ထိုပိုက်လိုင်းမှ ပြိုကျသည့်မြေသားများ ပိမိသော ကြောင့် နတ်ရေကန်တောင်ကြောပေါ်ရှိ ဒေသခံတောင်သူများ၏ ကော်ဖီ၊ ကမ္ဗလာ၊ သံပရာ စသည့် သီးနှံပင်များ ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း ထိုသီးနှံပင်များ ခူးဆွတ်ရသည်အထိ အရွယ်ရောက်ရန် ရှစ်နှစ်ခန့် ပြုစု ပျိုးထောင်ရကြောင်း သိရသည်။

ထိုသို့ လျော်ကြေးပေးသည့်ကိစ္စနှင့် ပတ်သက်၍ ငဖဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းဇော်ထံ The Daily Eleven သတင်းစာ မှ ဇွန် ၁၂ရက်က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ တောင်သူများနှင့် လျော်ကြေးငွေ ကိစ္စ အားလုံး အဆင်ပြေပြီးဖြစ်ကြောင်း ဖြေကြားခဲ့သည်။

Eleven Media Group 

No comments:

Post a Comment