Sunday 22 June 2014

ကော်စတာရီကာ ကစားသမား(၇)ဦးအထိ ဆေးစစ်ခဲ့သည့် ဖီဖာကို မာရာဒိုနာ ဝေဖန်

အာဂျင်တီးနား ဂန္ထ၀င်ဘောလုံးသမား မာရာဒိုနာသည် အီတလီအသင်းကို အနိုင်ရရှိခဲ့သည့်ပွဲ အပြီးတွင် ကော်စတာရီကာ ကစားသမား (၇)ဦးအထိ ဆေးစစ်ဆေးခဲ့သည့် ဖီဖာ၏လုပ်ရပ်ကို ဝေဖန်ပြစ်တင်မှုများ ပြုလုပ်ခဲ့သည်။ မာရာဒိုနာက ဖီဖာသည် အသင်းငယ်လေး တစ်သင်းကို ပြစ်မှုကျူးလွန်ခြင်းဟု စွပ်စွဲခဲ့ပြီး၊ လုံးဝလက်သင့်ခံနိုင်စရာ မရှိသည့် လုပ်ရပ်ဟုလည်း ဝေဖန်ခဲ့သည်။

ကမ္ဘာ့ဖလား ပွဲစဉ်တိုင်းတွင် တစ်သင်းလျှင် ကစားသမား(၂)ဦးကျ ကျပန်းစနစ်ဖြင့် ဆေးစစ်ဆေးမှု ခံယူရပြီး၊ ဖီဖာသည် ကော်စတာရီကာ အသင်းကိုမူ နောက်ထပ် အပို(၅) ဦးအထိ ဆက်လက်စစ်ဆေးစေခဲ့ခြင်း ဖြစ်သည်။ ကော်စတာရီကာအသင်းမှ အနိုင်ဂိုးရှင် ဘရိုင်ယန်ရူးအစ်ဇ် အပါအ၀င်၊ ဂိုးသမားနာဗတ်စ်၊ ဘော်ဟတ်စ်၊ ဘိုလာနို့စ်၊ အူရီနာ၊ ကယ်လ်ဗိုနှင့် ဘာရန်တက်စ်တို့မှာ ဆေးစစ်ဆေးခံခဲ့ရခြင်း ဖြစ်သည်။ ဖီဖာကမူ လိုအပ်လာပါက ယင်းကဲ့သို့ လုပ်ပိုင်ခွင့်ရှိကြောင်း၊ ကော်စတာရီကာ ကစားသမားများ၏ ကစားအားနှင့် သက်လုံမှာ မယုံနိုင်လောက်အောင် ကောင်းမွန်နေခြင်းကြောင့် ဖြစ်ကြောင်း၊ အခြားသော ပွဲစဉ်များတွင်လည်း အခြားအသင်းများ အနေဖြင့် ယင်းကဲ့သို့ ကြုံတွေ့ရဖွယ်ရှိကြောင်း ရှင်းလင်းခဲ့သည်။ 

ကော်စတာရီကာ အသင်းနည်းပြ ပင်တိုက ''ကျွန်တော်အားလုံးကို မေးပါမယ်။ ကော်စတာရီကာကျမှ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ။ ကျွန်တော့်ကစားသမားတွေဟာ တစ်ချိန်လုံး ပြေးလွှားနိုင်ပါတယ်။ အဲဒါဟာ လေ့ကျင့်ရေး ကွင်းမှာ တစ်ချိန်လုံး ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့ကြလို့ပါ။ ဖီဖာအနေနဲ့ ဘောင်ကို ကျော် လွန်ပြီး လုပ်တာတော့ မကောင်းပါဘူး။ သူတို့အနေနဲ့ ကျွန်တော်တို့ကို မယုံကြည်သေးဘူးဆိုရင် ကျွန်တော် အပါအ၀င် တစ်သင်းလုံးကို ဆေးလာစစ်ဖို့ ကျွန်တော်စိန်ခေါ်ပါတယ်" ဟု ပြောကြားခဲ့သည်။

ကိုယ်တိုင်တားမြစ်ဆေး ကျရှုံးခဲ့ဖူးသူ မာရာဒိုနာကလည်း ''ကော်စတာရီကာကို (၇)ဦးစစ်ပြီး၊ အီတလီကို ကျတော့ ဘာကြောင့် (၇)ဦး မစစ်တာလဲ။ ဒါဟာ စည်းမျဉ်းကို ချိုးဖောက်တာပါ။ တစ်သင်းကို (၂)ဦးပဲ ဆေးစစ်ခံ ရမယ်လို့ စည်းမျဉ်းရှိပြီးသားပါ။ တစ်သင်းတည်းက တစ်ပွဲတည်းမှာ ကစားသမား (၇)ဦး ဆေးစစ်ခံ ရတယ်ဆိုတာ ကျွန်တော်တစ်ခါမှ မကြားဖူးပါဘူး" ဟု ပြောကြားခဲ့သည်။

Eleven Media Group 

No comments:

Post a Comment