Sunday 22 June 2014

ဂျပန်နှင့်မြန်မာ့ဆက်သွယ်ရေးတို့ ပူးပေါင်းပြီး တန်ဖိုးနည်းဆင်းကဒ်များ အကန့်အသတ်မရှိရောင်းမည်

ပြည်သူများ လက်ကိုင်တယ်လီဖုန်းသုံးစွဲနိုင်ရေးအတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက နိုင်ငံခြားမှ ကုမ္ပဏီ တစ်ခုနှင့် အကျိုးတူပူးပေါင်းကာ တန်ဖိုးနည်းဆင်းကတ်များကို ဆိုင်တိုင်းတွင် စိတ်တိုင်းကျ ဝယ်ယူနိုင်ရေး ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

''ဒီလိုဆောင်ရွက်ဖို့အတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေနဲ့ အော်ပရေတာလိုင်စင်ရရှိအောင် လုပ်ကိုင်နေပါတယ်။ အော်ပရေတာလိုင်စင်ရပြီးရင်တော့ ဂျပန်နိုင်ငံက ကုမ္ပဏီတစ်ခုနဲ့ အကျိုးတူ ပူးပေါင်း ဆောင်ရွက်ဖို့ စာချုပ်ချုပ်ဆိုထားပြီး လုပ်ငန်းတွေဆက်လက်လုပ်ကိုင်သွားမှာပါ'' ဟု ၎င်းက ဆက်လက် ပြောကြား သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ဂျပန်နိုင်ငံမှ ဆက်သွယ်ရေးကုမ္ပဏီ KDDI တို့ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်သည်။ထိုသို့လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ပါက လက်ရှိရောင်းချပေးနေသော ခွဲတမ်းစနစ်ကိုရပ်ဆိုင်းကာ အကန့်အသတ်မရှိသော ရောင်းချမှုပုံစံဖြင့် ဆင်းကတ်များကို လာမည့်လအနည်းငယ်အတွင်း ဆိုင်တိုင်းတွင် ရောင်းချပေးသွားရန် စီစဉ်ထားသည်။

လောလောဆယ်တွင် အခြေခံအဆောက်အအုံများနှင့် လိုင်းတိုးချဲ့ခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး ယင်းလုပ်ငန်းများ ပြီးစီးပါက တယ်လီဖုန်း ဆင်းကတ်များကို ဈေးနှုန်းသက်သာစွာဖြင့် အကန့်အသတ် မရှိရောင်းချပေး မည်ဖြစ်ရာ တယ်လီဖုန်းပြောဆိုခများကိုလည်း လျှော့ချပေးသွားမည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် လက်ရှိ၌ ပြည်ပကုမ္ပဏီများဖြစ်သော အော်ရီဒူးနှင့် တယ်လီနောတို့ကလည်း လာမည့် သြဂုတ်နှင့် စက်တင်ဘာလများတွင် တန်ဖိုးနည်းဆင်းကတ်များကို ရောင်းချပေးရန် စီစဉ်နေသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကလည်း အော်ပရေတာအဖြစ်ပြောင်းလဲလုပ်ကိုင်ကာ ပြည်ပမှလာရောက် ရင်းနှီးမြှုပ်နှံလုပ်ကိုင်လျက်ရှိသော ကုမ္ပဏီများနှင့်ယှဉ်ပြိုင်ကာ တယ်လီဖုန်းဆင်းကတ်များကို ရောင်းချသွား ရန် စီစဉ်နေ ခြင်းဖြစ်သည်။

Myanmaalinn

No comments:

Post a Comment