Sunday 22 June 2014

လှိုင်သာယာတွင် စေတီမုခ်ဦးပိတ်၍ ခြံဝင်းခတ်သောကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့ ရွှေလင်ပန်းကျေးရွာအုပ်စု ကျုံစုကျေးရွာရှိ ရွှေရင်အေး စေတီတော် ၏ အနောက်ဘက် မုခ်ဦးကို ပိတ်၍ ခြံဝင်းခတ်သောကြောင့် ဇွန်လ ၂၁ ရက်နေ့က ဒေသခံများကြား ရုန်းရင်းဆန်ခတ်မှု ဖြစ်ပေါ်ခဲ့ကြောင်း အဆိုပါ ဒေသခံများက ပြောကြားသည်။

ရွှေရင်အေးစေတီတော် အနောက်ဘက်မုခ်ဦးနှင့် ကပ်လျက် မွေးမြူရေးဇုန်တွင် အကျယ်ပေ ၁၄၀၊ အလျား ပေ ၄၀၀ ရှိ အကွက်အမှတ် ၇၀၊ ၇၁၊ ၇၂ ကို ခြံဝင်းခတ်ရာ စေတီအနောက်ဘက် မုခ်ဦး ဝင်ရာလမ်းကိုပါ ပိတ်၍ ခြံခတ်သောကြောင့် ဇွန်လ ၂၁ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၅ မိနစ်တွင် ဒေသခံ လူ ၆၀၀ ကျော်က အဆိုပါ ခြံစည်းရိုးများကို ဖျက်ဆီးခဲ့ကြောင်း ရွှေရင်အေး စေတီတော် ဂေါပကအဖွဲ့ဝင်များက ပြောကြား သည်။

ဘုရားဖူးများ လာရာတွင် အနောက်ဘက်မုခ်ဦးကို ပိတ်ထားသည့် ခြံစည်းရိုးကြောင့် တဖြည်းဖြည်း လူစုမိပြီး ဂေါပက အဖွဲ့ဝင်များနှင့် ဒေသဆိုင်ရာ အာဏာပိုင်များက တားဆီးခဲ့ရကြောင်း ယင်းစေတီတော် ဂေါပက ဥက္ကဋ္ဌ ဦးကျော်ရွှေက ပြောဆိုသည်။

လူအုပ် ကြီးထွားလာသောကြောင့် ခြံပိုင်ရှင်နှင့် တွေ့ဆုံရန် ရဲတပ်ဖွဲ့ဝင်များ၊ ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ဂေါပက အဖွဲ့ဝင်များက အကြောင်းကြားပြီး စောင့်ဆိုင်းခဲ့သော်လည်း လာရောက်တွေ့ဆုံခြင်း မရှိဘဲ အလုပ်သမားတစ်ဦးသာ ကိုယ်စားလှယ်အဖြစ် လာရောက်ဆွေးနွေးခဲ့ကြောင်း ဂေါပကအဖွဲ့ဝင် ဦးစန်းဝင်းက ပြောကြားသည်။ 

“၁၉ ရက်နေ့မှာ လူ ၂၅ ဦးလောက်က တိုင်တွေ လာစိုက်တယ်။ မြို့နယ်ကို အကြောင်းကြားတော့ စောင့်ကြည့် နေဖို့ပဲ ပြောတယ်။ စည်ပင်က နှစ်ဦး လာကြည့်တာ တွေ့တယ်။ ၂၁ ရက်နေ့ လူစစုမိနေတဲ့ အချိန်မှာ ရဲနှစ်ဦးပဲ ရောက်လာတယ်။ ဖျက်ပြီးမှ ရဲတွေက ကားနဲ့ ရောက်လာတာ တွေ့တယ်” ဟု ဦးစန်းဝင်း က ဖြစ်စဉ်ကို ရှင်းပြသည်။ 

ယင်းကဲ့သို့ ဆွေးနွေးဆဲ အချိန်တွင်ပင် လူအုပ်ကြီးက ခြံစည်းကို ဝင်ရောက် ဖျက်ဆီးခဲ့ကြခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောဆိုသည်။ 

“ကျွန်တော်တို့ကတော့ ခြံပိုင်ရှင်နဲ့ ပြည်သူ ရုန်းရင်းဆန်ခတ် ဖြစ်မှာပဲ စိုးတယ်” ဟု လှိုင်သာယာမြို့နယ် အမှတ် (၁၈) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသောင်းလှိုင်က မှတ်ချက်ပြုသည်။ အဆိုပါ ရွှေရင်အေး စေတီတော် သည် ယခင် တပ်မတော်အစိုးရ လက်ထက် ဗိုလ်ချုပ်ကြီး ဦးခင်ညွန့် ထီးတော်တင်ခဲ့သည့် ဘုရားဖြစ်ပြီး ရပ်ကွက် အမှတ် ၁၆၊ ၁၈၊ ၁၉၊ ၂၀ နှင့် အနီးနားရှိ ကျေးရွာများက ဒေသခံများ ကိုးကွယ်လျက်ရှိသည့် ဘုရားဖြစ်ကြောင်း ဒေသခံများထံက သိရှိရသည်။ 

လှိုင်သာယာမြို့နယ် သောင်ကြီးမြောက် ရဲစခန်းမှ တာဝန်မှူးက “ဒီကိစ္စကို အထက် (မြို့နယ်ရဲစခန်း) ကို တင်ပြထားပါတယ်” ဟု ပြောကြားသည်။ 

ယင်းကိစ္စနှင့် ပက်သက်၍ လှိုင်သာယာမြို့နယ် ရဲစခန်းသို့ The Voice က သွားရောက် မေးမြန်းခဲ့သော် လည်း မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် စခန်းမှူးတို့က လက်ခံတွေ့ဆုံခြင်း မရှိပေ။

The Voice Weekly 

No comments:

Post a Comment