Monday 23 June 2014

ဝေဖန်မှုများ ကြုံနေသော ရိုမန်းဘော့ထ်တွေရဲ့ကမ္ဘာစာအုပ် ပစ္စည်းပြတ်သည်အထိ ရောင်းကောင်းနေဟုဆို

အပြာဇာတ်ဝင်ခန်းများထည့်သွင်းရေးသားထားသည်ဆိုသည့် စွပ်စွဲမှုများခံနေရသော စာရေးဆရာ အောင်ရင်ငြိမ်း၏ ‘‘ရိုမန်းဘော့ထ်တွေရဲ့ ကမ္ဘာ’’စာအုပ်သည် ဈေးကွက်အတွင်း ပစ္စည်းပြတ်သည်အထိ ရောင်း အားကောင်းနေပြီး ယင်းစာအုပ်ကို မိတ္တူကူးထားသည့်စာအုပ်များပင်လျှင် တစ်အုပ်လျှင် ကျပ် ၈၀၀၀ နှုန်း အထိ ဈေးနှုန်းမြင့်တက်သွားခဲ့သည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကမှ ဈေးကွက်အတွင်း စတင်ဖြန့်ချိခဲ့သည့် အဆိုပါစာအုပ်ကို မိတ္တူကူးယူကာ ရန်ကုန်မြို့၏ လမ်းဆုံလမ်းခွများတွင် ရောင်းချလျက်ရှိပြီး ဈေးနှုန်းအနေဖြင့်လည်း မူရင်းစာအုပ်၏ ဈေးနှုန်း ကျပ် ၂၅၀၀ ထက် သုံးဆကျော်မြင့်တက်သွားပြီး တစ်အုပ်လျှင် ကျပ် ၈၀၀၀ ဖြင့် ရောင်းချလျက်ရှိသည်။
တရားမ၀င်အပြာစာအုပ်များထဲမှ အရေးအသားများကဲ့သို့ လိင်ဆက်ဆံပုံများအကြောင်း ရေးသားမှုများ ပါဝင်သော အဆိုပါစာအုပ်သည် ဝေဖန်သူများအကြား အပြင်းအထန်အငြင်းပွားဖွယ်စာအုပ် ဖြစ်နေ သည်။ သို့သော်လည်း စာရေးသူက အဆိုပါစာအုပ်သည် အပြာစာအုပ်မဟုတ်ကြောင်း သူ၏ဖေ့စ်ဘွတ်ခ်စာမျက်နှာ မှ တစ်ဆင့်ပြန်လည်ရှင်းလင်းခဲ့သည်။‘‘တစ်ခွန်းတည်းပြောမယ်။ ရိုမန်းဘော့ထ်တွေရဲ့ ကမ္ဘာဟာ အပြာ စာအုပ်မဟုတ်ဘူး။ နောက်တစ်ခွန်းထပ်ပြောမယ်။ ရိုမန်းဘော့ထ်ဟာ ခင်ဗျားတို့လူ့အဖွဲ့အစည်း အဟောင်းကြီးကိုလူသားသစ်အဖွဲ့အစည်းဖြစ်အောင် လုပ်ကြဖို့ အသိအမြင်နဲ့ အနုပညာအသေခံဗုံးခွဲခြင်း’’ဟု စာရေးဆရာအောင်ရင်ငြိမ်းက သူ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာထွက်တွင်ရေးသားထားသည်။
ယင်းစာအုပ်နှင့် ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာန တရားစွဲဆိုရန် စီစဉ်နေကြောင်း သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။‘‘ပြန်ကြားရေးက ဘာမှတော့ တရားဝင်ဆက်သွယ်တာမရှိသေးဘူး။ ပြန်သိမ်းခိုင်း မယ်လို့ ပြောနေပေမယ့် သေချာတော့မသိသေးဘူး’’ဟု ယင်းစာအုပ်ထုတ်ဝေရေးအတွက် ကူညီဆောင် ရွက် ခဲ့သူ မဇင်မင်းကပြောသည်။‘‘ရိုမန်းဘော့ထ်တွေရဲ့ ကမ္ဘာ’’စာအုပ်ရေးသားသူ စာရေးဆရာ အောင်ရင်ငြိမ်းထံသို့ ဆက်သွယ်မေးမြန်းပြီး မှတ်ချက်တောင်းရန် 7Day မှ အကြိမ်ကြိမ်ကြိုးစား ခဲ့သော်လည်း ၎င်းကိုင်ဆောင်သည့် ဖုန်းနှစ်ခုစလုံးစက်ပိတ်ထားခဲ့သည်။
7daydaily.com

No comments:

Post a Comment