Tuesday 24 June 2014

အကျဉ်းထောင်များ ဥပဒေမူကြမ်းကို ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ ပေးပို့ကာ သဘောထားမှတ်ချက် တောင်းခံထားပြီး ရရှိပါက အနီးကပ်ဆုံး လွှတ်တော်အစည်းအဝေးများသို့ တင်ပြမည်

အကျဉ်းထောင်များ ဥပဒေမူကြမ်းကို ပြည်ထောင်စု ရှေ့နေချုပ်ရုံးသို့ပေးပို့ကာ သဘောထားမှတ်ချက် တောင်းခံထားပြီး သဘောထားမှတ်ချက် ပြန်လည်ရရှိပါက အနီးကပ်ဆုံး လွှတ်တော် အစည်းအဝေးများတွင် တင်မည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြောကြားသည်။

ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက နေပြည်တော်တွင် ဇွန် ၂၃ ရက်က ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန် အစည်းအဝေး ၁၇ ရက်မြောက်နေ့တွင် သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်၏ မေးခွန်းအား ပြန်လည်ဖြေကြား ရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က “ပထမ အကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးကာလတွင် ပြည်ထဲရေး ဝန်ကြီးဌာနမှ မြန်မာ့ အကျဉ်းထောင် များ အက်ဥပဒေကို ပြင်ဆင်ရေးဆွဲ၍ တင်ပြရန်အစီအစဉ် ရှိမရှိ”ကို မေးမြန်း ခဲ့ခြင်းဖြစ်သည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်၏ မေးခွန်းအား ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက ပြန်လည်ဖြေကြားရာတွင် “အကျဉ်းသားကို ထိန်းသိမ်းထားရှိရန် စံပြုအနိမ့်ဆုံး အဆင့်သတ်မှတ်ထားတဲ့ အခြေခံစည်းမျဉ်းများဖြင့် အကျဉ်းထောင်များ ဥပဒေ (မူကြမ်း) ကို ပြင်ဆင်ရေးဆွဲခဲ့ပါတယ်။ အကျဉ်း ထောင်များဥပဒေ (တတိယမူကြမ်း)ကို ပြည့်စုံမှန်ကန်စေရန်၊ အခြားတည်ဆဲ ဥပဒေများနှင့် လိုက်လျောညီထွေရှိစေရန်နဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်ရန်တို့အတွက် ဥပဒေကြောင်းအရ စိစစ်အကြံပြုချက်များ ပေးနိုင်ရန် ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ ပေးပို့ပြီး သဘောထားမှတ်ချက် တောင်းခံထားပါတယ်”ဟု ဖြေကြားသည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကိုက်ညီတဲ့ အချက်အလက်တွေနဲ့ ပြင်ဆင်ပြီးတော့ လုပ်နေတာ။ ဒါကြောင့်မို့ နည်းနည်းကြာနေတာ။ UNODC , ILO အဖွဲ့တွေရဲ့ အကူအညီတွေကို တောင်းပြီးတော့ ဒါတွေကို ရေးဆွဲနေရတာ။ ရှေ့နေချုပ်ရုံးက အကြောင်းပြန်လာရင်တော့ သမ္မတရုံးတင်မယ်။ ပြီးတော့လွှတ်တော်မှာ ဆွေးနွေးမယ်”ဟု မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။

ဆက်လက်ပြီး ဦးသိန်းညွန့်က “၁၈၉၄ အကျဉ်းထောင်လက်စွဲ ဥပဒေတွင် ပြစ်ဒဏ်ကျ အကျဉ်းသားများအား A,B,C အတန်းစား သုံးမျိုးခွဲခြားထားပြီး ခေတ်ကာလ သတ်မှတ်ချက်နှင့်အညီ အစား၊ အသောက်၊ အနေအထိုင်၊ ဆေးဝါးကုသမှုကို အကျဉ်းသားများ၏ နိုင်ငံရေးနှင့် လူမှုအဆင့်အတန်းအရ ပြန်လည်သတ်မှတ် ပေးမည်လား။ ယင်းသို့ သတ်မှတ်နိုင်ရန်အတွက် အတန်းအစားခွဲခြားမှုကို ဖျက်သိမ်း ခဲ့သော ၁၄၁/ ၁၉၆၄ အမိန့် ကြော်ငြာစာအမှတ် (၂) ကို ပြန်လည်ရုပ်သိမ်း နိုင်ပါမည်လား”ကို ထပ်မံမေးမြန်း ခဲ့သည်။

၁၈၉၄ အကျဉ်းထောင်လက်စွဲ ဥပဒေမှာ ပြစ်ဒဏ်ကျ အကျဉ်းသားများကို A,B,C အတန်းအစား သုံးမျိုး ခွဲထားပြီးနှင့် စပ်လျဉ်းပြီး ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီအစိုးရ တရားရေးဌာနက ၁၉၆၄ ခု နှစ် ဇန်နဝါရီ ၁၅ ရက်စွဲပါ အမိန့်ကြော်ငြာ စာအမှတ် (၂) ဖြင့် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း အကျဉ်းထောင်များမှာ ရာဇဝတ် အကျဉ်းသားများဖြစ်စေ၊ တရားမအကျဉ်းသားများဖြစ်စေ တစ်တန်း တစ်စားတည်း ဖြစ်ရမည်ဟု ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြောကြားသည်။

မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင်များမှာ အချုပ်ကျနေသည့် တရားခံများ၊ ထောင်ဒဏ်ကျခံနေရသည့် အကျဉ်းသားများ၊ တရားမမှုများနှင့် ပတ်သက်ပြီး ထောင်ကျနေသည့် တရားမအကျဉ်းသားများအဖြစ် အသီးသီးရှိခဲ့ရာတွင် ရိုးရိုးအတန်းအစားနှင့် အထူးအတန်းအစားဟု ခွဲခြားထားသည်မှာ မသင့်လျော်သည့် အတွက် အကျဉ်းသား အတန်းအစားမရှိရန် အမိန့်ထုတ်ပြန် ခဲ့ရခြင်းဖြစ်ကြောင်း ၎င်းကပြောကြားသည်။

“ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ အကျဉ်းဦးစီးဌာန အနေဖြင့် မည်သည့်အခြေအနေ အကြောင်း ကြောင်းများကြောင့် တည်ဆဲဥပဒေများကို ဖောက်ဖျက်ကျူးလွန်တဲ့အတွက် အကျဉ်းထောင် များမှာ ထိန်းသိမ်းထားရှိတဲ့ မည်သည့်အကျဉ်းသားများကိုမဆို ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၄၇ အရ တန်းတူအခွင့်အရေး ရရှိစေရန်အလို့ငှာ တစ်တန်း တစ်စားတည်း ဆက်လက်ထားရှိ သွားမည်ဖြစ် ကြောင်းနှင့် ၁၉၆၄ ခုနှစ် ဇန်နဝါရီ ၁၅ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော အမိန့်ကြော်ငြာစာ အမှတ် (၂) ကို ပြန်လည်ရုပ်သိမ်းရန် အစီအစဉ်မရှိကြောင်း”ဟု ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ဆိုသည်။

Eleven Media Group 

No comments:

Post a Comment