Monday 23 June 2014

မြန်မာနိုင်ငံ၌ အမျိုးသမီးများအတွက် နိုင်ငံရေးပါဝင်ခွင့်နှင့် ဥပဒေရေးဆွဲထားမှု အချို့မှာ ကန့်သတ်မှုများ ရှိနေကြောင်း အမျိုးသမီးနှင့် မျက်မှောက်ရေးရာ ဆွေးနွေးပွဲမှ သုံးသပ်

ဇွန် ၂၂ ရက်က ပြုလုပ်သည့် အမျိုးသမီးနှင့် မျက်မှောက်ရေးရာေ ဆွေးနွေးပွဲ အခမ်းအနားကို တွေ့ရစဉ်
မြန်မာအမျိုးသမီး အဖွဲ့အစည်းများ ပူးပေါင်းပြုလုပ်သည့် အမျိုးသမီးနှင့် မျက်မှောက်ရေးရာ အမည်ရှိ ဆွေးနွေးပွဲအား ဇွန် ၂၂ ရက်က ရန်ကုန်မြို့ရှိ Asia Plaza ဟိုတယ်တွင် ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ၌ အမျိုးသမီးများအတွက် နိုင်ငံရေးတွင် ပါဝင်ခွင့်နှင့် ဥပဒေ ရေးဆွဲထားမှု အချို့မှာ ကန့်သတ်မှုများ ရှိနေဆဲဖြစ်ကြောင်း ဆွေးနွေးသူများက သဘောထားပေး သုံးသပ်ခဲ့ကြသည်။

အဆိုပါ ဆွေးနွေးပွဲအား ဖန်တီးအိမ် လူမှုအဖွဲ့အစည်း၊ Triangle နှင့် Rain Fall အဖွဲ့တို့မှ ကြီးမှူးပြုလုပ်ခြင်းဖြစ်ပြီး အမျိုးသမီးအဖွဲ့များမှ စကားဝိုင်းဆွေးနွေးမှုအနေဖြင့် ပြုလုပ်ခဲ့ကာ အမျိုးသမီးများ အကြမ်းဖက်ခံရမှုနှင့် ဆက်စပ်သည့် အကြောင်းအရာများ အပါအ၀င် ရွေးကောက်ပွဲစောင့်ကြည့်ရေး လုပ်ငန်းစဉ်များနှင့် နိုင်ငံရေးဆွေးနွေးပွဲများတွင် အမျိုးသမီးများ ပါဝင်နိုင်ရေး၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်သင့်သည့် အချက်များနှင့် လက်ရှိပြဋ္ဌာန်း ထားသည့် ဥပဒေများသည် အမျိုးသမီးများနှင့် ကိုက်ညီမှု ရှိမရှိ စသည်တို့ကို ဆွေးနွေးခဲ့သည်။

“နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွေမှာ အမျိုးသမီးတွေ ဘာကြောင့် ပိုမိုပါဝင်ဖို့ လိုအပ်သလဲဆိုရင် ငြိမ်းချမ်းရေးမှာ အမျိုးသမီးတွေရဲ့ ဘ၀ကို လုံခြုံမှုတွေ ရှိစေဖို့ဆိုရင် မဖြစ်မနေ နိုင်ငံရေးနဲ့ ဆက်နွယ်နေတဲ့အတွက် ဒီကဏ္ဍတွေမှာ အမျိုးသမီးတွေ ပါဝင်ဖို့ လိုပါတယ်။ နောက်တစ်ခုက မြန်မာနိုင်ငံမှာ လက်ရှိပြဋ္ဌာန်းထားတဲ့ ဥပဒေတွေ အချို့မှာ အမျိုးသားတွေအတွက် သီးသန့်သဘော သက်ရောက်တာတွေ ရှိနေတယ်။ ဒါ့အပြင် အမျိုးသမီးတွေကို ကန့်သတ်ထားတဲ့ ဥပဒေမျိုး မဟုတ်ဘဲ ကာကွယ်တဲ့ လွတ်လပ်ခွင့်ကိုပေးတဲ့ ဥပဒေမျိုးလည်း လိုအပ်နေပါတယ်” ဟု တက်ရောက်ဆွေးနွေးခဲ့သူ Women Political Actions မှ အမှုဆောင် ဒေါ်ခင်မမမျိုးက ပြောကြားသည်။

ထို့ပြင် ဆွေးနွေးပွဲမှတစ်ဆင့် အမျိုးသမီးထု၏ အသံများအား ရယူကာ လက်ရှိ လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနနှင့် ရေးဆွဲလျက်ရှိသည့် အမျိုးသမီးများ အကြမ်းဖက်မှု ရပ်တန့် ရေး ဥပဒေမူကြမ်း အတွက်သာမက အစိုးရနှင့် ပူးပေါင်းပြုလုပ်မည့် အမျိုးသမီးဆိုင်ရာ စီမံကိန်းများအတွက် ပြုစုတင်ပြသွားရန်လည်း စီစဉ်ထားကြောင်း သိရသည်။

Eleven Media Group 

No comments:

Post a Comment