Monday 23 June 2014

ဒဂုံဆိပ်ကမ်းတွင် ကြက်ဘဲဈေးသစ် ဆောက်မည်ဟုဆိုကာ ကျူးကျော်နေသူများကို ဖယ်ရှားခဲ့ပြီးမှ ထိုနေရာ၌ ဈေးသစ်ဆောက်ရန် လောလောဆယ် အစီအစဉ်မရှိဟု စည်ပင်ကပြောကြား

မင်္ဂလာတောင်ညွန့် ကြက်ဘဲဈေး အတွင်းပိုင်းအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ကျော်ထက်) 
ဒဂုံဆိပ်ကမ်း ၆၇ ရပ်ကွက်တွင် မင်္ဂလာတောင်ညွန့် ကြက်ဘဲဈေးအား ပြောင်းရွှေ့မည်၊ ကြက်ဘဲဈေးသစ် တည်ဆောက်မည်ဟုဆိုကာ ယင်းနေရာရှိ ကျူးကျော်နေအိမ် အလုံး ၂၀ ခန့်ကို မေ ၃၀ ရက်ကတည်းက စည်ပင်အင်အားသုံး ဖယ်ရှားခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သို့သော် ယင်းနေရာတွင် ကြက်ဘဲဈေးသစ်ဆောက်ရန် လောလောဆယ်အစီအစဉ် လုံးဝမရှိသေးဟု ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီဈေးများ ဌာနက ဇွန်လက ပြောကြားသည်။

ကြက်ဘဲဈေး ပြောင်းရွှေ့ရန်ဟုဆိုကာ ဒဂုံဆိပ်ကမ်း ၆၇ ရပ်ကွက်ရှိ ကျူးကျော်များအား ဖယ်ရှားပြီး ယင်းနေရာတွင် ကြက်ဘဲဈေးအား မည်သို့ပြောင်းရွှေ့မည် ကြက်ဘဲဈေးသစ်ဆောက်လျှင်လည်း ဆောက်မည့်အစီစဉ်များအား Weekly Eleven က ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဈေးများဌာနသို့ ဇွန်လအတွင်း တရားဝင်စာဖြင့် မေးမြန်းခဲ့ရာ ဒဂုံဆိပ်ကမ်းတွင် ကြက်ဘဲဈေးသစ်ဆောက် ရန် လောလောဆယ် အစီအစဉ်မရှိသေးကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ဒဂုံဆိပ်ကမ်း ၆၇ ရပ်ကွက်ရှိ ကျူးကျော်တဲ နေထိုင်သူများအား ဖယ်ရှားပေးရန် သုံးကြိမ် သတိပေးခဲ့သော် လည်း မဖယ်ခဲ့၍ မေ ၃၀ ရက် နံနက် ၄ နာရီခွဲခန့်က လူအင်အား သုံးရာခန့်ဖြင့် ဖျက်သိမ်းခဲ့ခြင်းဖြစ်ကြောင်း ဖယ်ရှားခံခဲ့ရသူများက ဆိုသည်။ 

အဆိုပါနေရာတွင် နေထိုင်နေကြသူများမှာ ယခင် မြန်မာ့သစ်လုပ်ငန်း၊ အိုးဘိုသစ်ဆိပ်(င)အပိုင်းမှ ၀န်ထမ်း များ၏ သားသမီး မြေးမြစ်များဖြစ်ကြပြီး ထိုနေရာတွင် နေထိုင်လာကြသည်မှာ နှစ်ပေါင်း ၂၀ မှ ၃၀ ကြား ရှိပြီဖြစ်ကြောင်း နေအိမ်ဖျက်သိမ်း ခံခဲ့ရသူများက ပြောကြားကြသည်။

ပြီးခဲ့သည့် ဧပြီ ၂၉ ရက်က ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းဝေးတွင်လည်း ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က လက်ရှိမင်္ဂလာတောင်ညွန့် ကြက်ဘဲဈေးကို လောလောဆယ် ပြောင်းရွှေ့ရန် အစီအစဉ် မရှိသေးကြောင်းနှင့် ကြက်ဘဲဈေး၌ တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက ဒဂုံဆိပ်ကမ်းမြို့နယ် ပဲခူးမြစ်ကမ်း နံဘေး မြေနေရာ လေးဧက၌ ယာယီရွှေ့ပြောင်းထားနိုင်ရေး စီမံထားကြောင်း ရန်ကုန်မြို့တော် ၀န်က ဆိုသည်။

Eleven Media Group 

No comments:

Post a Comment