Monday 23 June 2014

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် မတော်တဆမှု ဖြစ်ပွားခဲ့သည့် MAI လေယာဉ်အား MAI လေကြောင်းလိုင်း၏ ခရီးစဉ်များတွင် ပြန်လည်အသုံးပြုတော့မည် မဟုတ်ဟုဆို

ဧပြီ ၁၄ ရက်က ရန်ကုန်လေဆိပ်တွင် မတော်တဆမှု ဖြစ်ပွားခဲ့သည့် MAI လေယာဉ်ကို တွေ့ရစဉ်
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် မတော်တဆမှု ဖြစ်ပွားခဲ့သည့် MAI လေကြောင်းလိုင်း၏ လေယာဉ်အမှတ် XY-AGR၊ Air bus A-319 လေယာဉ်အား ယင်းလေကြောင်းလိုင်း၏ ခရီးစဉ်များတွင် ပြန်လည်အသုံးပြုတော့မည် မဟုတ်ကြောင်း သတင်းရရှိသည်။    

၂ဝ၁၄ ခုနှစ် ဧပြီ ၁၄ ရက် နံနက် ၆ နာရီ မိနစ် ၄ဝ ခန့်က (GMA) လေကြောင်းလိုင်းမှ ရန်ကုန်-ဘန်ကောက် ခရီးစဉ် ထွက်ခွာမည့် Air bus A-320 လေယာဉ်အား နေရာရွှေ့ပြောင်းစဉ် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ် လေယာဉ်ရပ်နားရာ နေရာနံပါတ် ၈ အနီးတွင် ရပ်နားထားသော MAI လေကြောင်းလိုင်း၏ လေယာဉ်အမှတ် XY-AGR၊ Air bus A-319 လေယာဉ်၏ အမြီးပိုင်းအား (GMA) လေယာဉ်၏ ဦးခေါင်းပိုင်းအား ဝင်ရောက်တိုက်မိခဲ့ခြင်း ဖြစ်သည်။

“MAI လေကြောင်းလိုင်းအနေနဲ့ ဒီလေယာဉ်နဲ့ ပတ်သက်သမျှကို အာမခံကုမ္ပဏီကိုပဲ လွှဲထားပြီးပါပြီ။ ကျွန်မတို့ လေကြောင်းလိုင်း အနေနဲ့တော့ ဒီလေယာဉ်ကို ခရီးစဉ်တွေမှာ ပြန်လည်အသုံးပြုတော့မှာ မဟုတ်တော့ပါဘူး” ဟု MAI လေကြောင်းလိုင်းမှ Marketing Manager ဒေါ်အေးမရသာက ဆိုပါသည်။

ယင်းကဲ့သို့ မတော်တဆမှု ဖြစ်ပွားခဲ့သည့် လေယာဉ်နှစ်စီးစလုံးမှာ Air bus လေယာဉ်များ ဖြစ်သည့်အတွက် Air bus လေယာဉ်ကုမ္ပဏီမှ လေယာဉ်များ၏ ပျက်စီးဆုံးရှုံးမှုအား လာရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး လက်ရှိတွင် အာမခံကုမ္ပဏီနှင့် အာမခံကိစ္စရပ်များ ဆောင်ရွက်နေကြောင်း သိရသည်။    

စုံစမ်းစစ်ဆေးရေး ခုံရုံးအဖွဲ့၏ စစ်ဆေးချက်များတွင် လေယာဉ်ပေါ်ရှိ Mechanic မှ လေယာဉ်ရွေ့လျားမှု ပြုလုပ်ရာတွင် လိုက်နာဆောင်ရွက်ရမည့် သတ်မှတ်ချက်များအား အစီအစဉ်တကျ လိုက်နာဆောင်ရွက်မှု မရှိခဲ့ခြင်း၊ လေယာဉ်ရွေ့လျားရန် ညွှန်ကြားပြောဆိုရာတွင် မှားယွင်းပြောဆိုခဲ့ခြင်း၊ လေယာဉ်အမျိုးအစားအလိုက် ကျွမ်းကျင်မှုမရှိသူများ ပါဝင်ဆောင်ရွက်ခြင်း စသည့်အချက်များ ပါဝင်နေပြီး human error အချက်များ အများဆုံး ပါဝင်နေကြောင်း စုံစမ်းစစ်ဆေးရေး ခုံရုံးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

Eleven Media Group

No comments:

Post a Comment