Monday 23 June 2014

Android Wear စမတ်နာရီကို Google I/O တွင် Samsung မိတ်ဆက်မည်

ဇွန်လ ၂၅ ရက်တွင် ကျင်းပမည့် Google ၏ developer conference တွင် Samsung က ကုမ္ပဏီ၏ ပထမဦးဆုံး Android Wear ထုတ်ကုန်ကို မိတ်ဆက်ရန် စီစဉ်နေကြောင်း CNET က ဖော်ပြခဲ့သည်။ အဆိုပါ Android Wear ထုတ်ကုန်သည် စမတ်နာရီတစ်ခု ဖြစ်ပြီး လွန်ခဲ့သည့်နှစ်က Samsung မှ ဖြန့်ချိခဲ့သည့် Gear ထုတ်ကုန်များနှင့် တူညီသည်ဟု ဆိုသည်။
Samsung သည် ကုမ္ပဏီပိုင် ချစ်ပ်များဖြင့် Android Wear စမတ်နာရီကို ဖန်တီးလျက်ရှိသလို Qualcomm ၏ ပရိုဆက်ဆာများဖြင့်လည်း အခြားအမျိုးအစားများကို တည်ဆောက်လျက်ရှိသည်။ သို့သော်လည်း Google I/O တွင် Samsung က မည်သည့် ထုတ်ကုန်အမျိုးအစား မိတ်ဆက်ပြသမည်ကို အသေအချာ မသိရသေးပေ။ Android Wear သည် စမတ်နာရီနှင့် အခြားသော ဝတ်ဆင်နိုင်သည့် ထုတ်ကုန်များအတွက် Google က ဖြန့်ချိထားသည့် operating system တစ်မျိုး ဖြစ်သည်။



စမတ်ဖုန်းများနှင့် tablet ကွန်ပျူတာများ၏ တင်ပို့ရောင်းချမှုနှုန်း တိုးတက်မှု နှေးကွေးလာချိန်တွင် ကုမ္ပဏီများက ဝတ်ဆင်နိုင်သည့် ထုတ်ကုန်များဖြင့် ဈေးကွက်သစ်ချဲ့ထွင်ရန် စီစဉ်လာကြသည်။ ဈေးကွက်သုတေသနအဖွဲ့ IDC ၏ ဧပြီလ အစီရင်ခံစာအရ ယခုနှစ်ကုန်တွင် ကမ္ဘာတစ်ဝန်းသို့ ဝတ်ဆင်နိုင်သည့် ထုတ်ကုန် ၁၉ သန်းကျော် ရောင်းချရဖွယ်ရှိကြောင်း၊ ၂၀၁၈ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း တင်ပို့ရောင်းချမှု ၁၁၁.၉ သန်းအထိ ရှိလာနိုင်ကြောင်း ဖော်ပြခဲ့သည်။ သို့သော်လည်း အဆိုပါ ပမာဏသည် ပြီးခဲ့သည့်နှစ်က စမတ်ဖုန်း ၁.၇ ဘီလီယံ ရောင်းချခဲ့ရသည့် ပမာဏဖြင့် နှိုင်းယှဉ်လျှင် နည်းပါးလျက်ရှိသည်။
Samsung နှင့်အတူ LG နှင့် Motorola ကလည်း Android Wear ထုတ်ကုန်ကို developer conference တွင် မိတ်ဆက်ပေးဖွယ်ရှိကြောင်း သိရသည်။
Ref: CNET
Internet Journal 

No comments:

Post a Comment