Monday 23 June 2014

သာသနာရေးဝန်ကြီး ဦးဆန်းဆင့်အား အရေးယူမှုနှင့် ပတ်သက်၍ တရားရုံး စစ်ဆေးမှုနှင့် သတင်းထုတ်ပြန်ချက်များသည် ယခုထက်ပို၍ ပွင့်လင်းမြင်သာမှု ရှိရန်လိုကြောင်း ဝေဖန်မှုများ ရှိနေ

သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်အား အရေးယူမှုနှင့် ပတ်သက်၍ တရားရုံး စစ်ဆေးမှုနှင့် သတင်းထုတ်ပြန်ချက် များသည် ယခုထက်ပိုမို၍ ပွင့်လင်းမြင်သာမှု ရှိရန်လိုကြောင်း ဝေဖန် မှုများ ရှိနေပြီး လက်ရှိအချိန်အထိ ဦးဆန်းဆင့်နှင့် ပတ်သက်၍ မီဒီယာများအား ဖိတ်ကြားကာ တရားဝင် သတင်းစာရှင်းလင်းသည့် ပုံစံမျိုး မရှိသေးသည်ကို တွေ့ရသည်။

ဇွန် ၂၀ ရက်က ပြည်သူ့လွှတ်တော် အစည်းအဝေး ခေတ္တနားချိန်၌ သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်သည် သမ္မတ၏ အကြိမ်ကြိမ် ပြောဆိုဆုံးမ ပြုပြင်ပေးမှုများကို မနာခံသဖြင့် တာဝန်မှ ရပ်စဲလိုက်ခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောကြားသည်။

ထို့ပြင် ဦးရဲထွဋ်က မီဒီယာများအား ပြောကြားရာ၌ “ကျွန်တော်တို့က မလွှဲမရှောင်သာ အခုလို အရေးယူ ဆောင်ရွက်လိုက်ရတာပါ။ သမ္မတကြီးက သူ့ကို အရင်ကတည်းက အကြိမ်ကြိမ် ပြောဆိုဆုံးမ ပြုပြင်ပေးခဲ့တာတွေ ရှိတယ်။ ဒါကတော့ နောက်ဆုံးအနေနဲ့မို့ ကျွန်တော်တို့ လုပ်လိုက်ရတာပါ။ သူ့မှာ အပိုင်းနှစ်ပိုင်း ရှိပါတယ်။ သာသနာရေးဝန်ကြီး ကိစ္စအနေနဲ့ လုပ်မှာတွေ ရှိတယ်။ အစိုးရအဖွဲ့ ၀န်ကြီးတစ်ယောက် အနေနဲ့ လုပ်ရမှာတွေ ရှိတယ်။ ခင်ဗျားတို့ ကြားနေတဲ့ ရဲစခန်းမှာ အမှုဖွင့်နေတယ်ဆိုတာ အကြောင်းခြင်းရာများ စွာထဲက တစ်ခုပဲ ရှိပါသေးတယ်။ ကျန်တာတွေကတော့ ပြည်ထဲရေး ၀န်ကြီးဌာနက စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတဲ့ အတွက်ကြောင့်မို့ လောလောဆယ်မှာ ထုတ်ပြောလို့ မရသေးဘူး” ဟု ပြောကြားသည်။

ဦးဆန်းဆင့်အား အရေးယူမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်များသည် ယခုထက်ပိုမို၍ ပွင့်လင်းမြင်သာမှု ရှိရန်လိုကြောင်း ဝေဖန်မှုများ ရှိနေသည်ဖြစ်ရာ ယင်းကိစ္စနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက “ဦးဆန်းဆင့်တင် မကဘူး။ နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေးအရ မြန်မာနိုင်ငံမှာနေတဲ့ နိုင်ငံသားတိုင်းဟာ ဥပဒေအရ တန်းတူညီမျှ အခွင့်အရေး ရသင့်တယ်။ အခြေခံဥပဒေရော၊ တရားမျှတ လွတ်လပ်ခြင်း ဆိုတာတွေနဲ့ မူတည်ပြီး ဘယ်သူမဆို ဖြေရှင်းပေးဖို့ လိုတယ်။ သမ္မတကနေ အောက်ခြေအထိ တရားမျှတမှုရှိဖို့ ပွင့်လင်းမြင်သာမှုရှိဖို့ လိုတယ်။ ချစ်ခြင်း၊ မုန်းခြင်း၊ အယူအဆတူခြင်း၊ မတူခြင်းဟာ တစ်ကဏ္ဍ ဖြစ်တယ်။ တရားဥပဒေကတော့ အားလုံးဟာ တစ်ပြေးညီ ခံစားခွင့်ဆိုတဲ့ လောကပါလ တရားနဲ့အညီ ကျင့်သုံးဖို့ လိုပါတယ်” ဟု ဝေဖန်ခဲ့သည်။

ထို့ပြင် ဦးဆန်းဆင့်ကို တာဝန်မှ ရပ်စဲလိုက်သည့် ကိစ္စတွင် သန္တိသုခကိစ္စမှာ အကြောင်းတစ်ခုအနေဖြင့် ပါဝင်ကြောင်း ဦးရဲထွဋ်က ပြောကြားခဲ့ရာ သန္တိသုခကိစ္စတွင် မည်သို့ပါဝင်သည်ကို ရှင်းရှင်းလင်းလင်း ပြောကြားရန် လိုမည်ဖြစ်သည်။

ယင်းသို့ ရှင်းရှင်းလင်းလင်း ပြောကြားခြင်း မရှိသဖြင့် ဦးဆန်းဆင့်သည် သန္တိသုခကိစ္စတွင် ကျောင်းတော်ကြီးအား ချိပ်ပိတ်မှု၊ ဆရာတော်များအား လူဝတ်လဲ တရားစွဲမှုကို လက်မခံသဖြင့် တာဝန်မှ ရပ်စဲခံရခြင်း ဖြစ်နိုင်သည်ဟု ယူဆနိုင်စရာ အကြောင်းရှိနေသည်ကိုလည်း လေ့လာတွေ့ရှိရသည်။

ထိုသို့ ဦးရဲထွဋ် ပြောကြားချက်များ၌ ပါဝင်သည့် ပြည်ထဲရေး ၀န်ကြီးဌာန စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည့် အကြောင်းအရာများနှင့် ပတ်သက်၍လည်း ပြည်သူများ နားလည်မှု မလွဲစေရန် အတိအကျ ရှင်းလင်းရန် လိုအပ်ဦးမည်ကို တွေ့ရှိရသည်။

အမျိုးသားဒီမိုကရေအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်က “ကျွန်တော်တို့ ကော်မတီရဲ့ မူကတော့ မည်သူမဆို လွတ်လပ်ပြီး တရားမျှတတဲ့ စီရင်ရေး ရရှိရမယ်။ ဥပဒေနဲ့အညီ အားလုံးဆောင်ရွက်ရပြီး ဥပဒေအထက်မှာ မည်သူမှ မရှိရဘူး။ ဒါက ကျွန်တော်တို့မူပါ။ ဦးဆန်းဆင့်အမှု အပါအ၀င် တရားစီရင်ရေးတိုင်းမှာ ဒါတော့ ဖြစ်စေချင်တယ်” ဟု ပြောကြားသည်။

“နိုင်ငံရေးပြဿနာ ဖြစ်နေတဲ့အတွက် မဘသအနေနဲ့ မှတ်ချက်မပေးလိုပါဘူး။ ဘယ်သူမှလည်း ဒီအကြောင်းအရာကို တိတိကျကျသိရတာ မရှိပါဘူး။ တချို့ကလည်း ဒကာကြီးဆန်းဆင့်ကို ကျားရွှေ့တဲ့ပွဲမှာ ဓားစာခံ ဖြစ်ရတယ်ဆိုပြီး မေတ္တာသက်ကြပါတယ်။ နိုင်ငံရေးနဲ့ ပတ်သက်နေတဲ့အတွက် ဘုန်းဘုန်းတို့ မဘသနဲ့ လုံးဝမသက်ဆိုင်တဲ့အတွက် ဒီထက်ပိုပြီး ပြောလို့မရပါဘူး။ ထင်မြင်ချက် မပေးချင်ပါဘူး” ဟု အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့မှ ဒေါက်တာ အရှင်ဓမ္မပီယက ဇွန် ၂၁ ရက်တွင်ပြုလုပ်သော အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး တစ်နှစ်ပြည့် နှစ်ပတ်လည် ညီလာခံ၏ သတင်းစာရှင်းလင်းပွဲ၌ မိန့်ကြားသည်။

ဦးဆန်းဆင့် မိသားစုအား နေအိမ်အကျယ်ချုပ်ဖြင့် ထားရှိကြောင်း ဦးဆန်းဆင့်နှင့် နီးစပ်သူတစ်ဦးက ပြောသည်ဟူ၍လည်း ဇွန် ၂၁ ရက်ထုတ် 7 Day DAILY သတင်းစာတွင် ဖော်ပြခဲ့သည်။ လတ်တလော၌ ဦးဆန်းဆင့်၏ မိသားစုဝင်များအား နေအိမ်အကျယ်ချုပ်ထားကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိရာ ယင်းကိစ္စနှင့် ပတ်သက်၍ မိသားစုဝင်များအား ဥပဒေနှင့်အညီ ဆောင်ရွက်ထားခြင်း ဟုတ်မဟုတ်နှင့် မည်သည့်အတွက်ကြောင့် နေအိမ်အကျယ်ချုပ် ထားသည်ကို သက်ဆိုင်ရာအနေဖြင့် ပွင့်လင်းမြင်သာမှုရှိရန် တိကျသည့် သတင်းထုတ်ပြန်မှုမျိုး ရှိသင့်ကြောင်း ဝေဖန်မှုများလည်း ရှိနေသည်။

မြန်မာနိုင်ငံတွင် အာဏာရှင်အစိုးရများ လက်ထက်က အစိုးရအဖွဲ့ဝင် အရာရှိကြီးများအား အကြောင်းပြချက် တစ်ရပ်ရပ်ဖြင့် တာဝန်မှ ရပ်စဲသည့် အခါတိုင်း ၎င်းတို့၏ မိသားစုများကိုပါ နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းလေ့ ရှိခဲ့သည်။

ယခုကဲ့သို့ သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်အား ပြစ်မှုပုဒ်မ ၄၀၉/၁၀၉ အရ အမှုဖွင့် ဖမ်းဆီးထားခြင်းနှင့် ပတ်သက်ပြီး ဥပဒေအတိုင်း မည်ကဲ့သို့ ပွင့်လင်းမြင်သာစွာ အမှုစစ်ဆေး ထုတ်ပြန်မည် ဆိုသည်နှင့် မိသားစုကို နေအိမ်အကျယ်ချုပ်ဖြင့် ထားသည်ဆိုသော သတင်းများနှင့် ပတ်သက်ပြီး နိုင်ငံတော်သမ္မတ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်ထံသို့ ဇွန် ၂၁ ရက်က ဆက်သွယ်မေးမြန်းခဲ့ရာ ဦးဆန်းဆင့်မှာ ရမန်ယူပြီး စစ်ဆေးဆဲသာဖြစ်ပြီး ထပ်မံစစ်ဆေး တွေ့ရှိမှုများအရ နောက်ထပ်အရေးယူမှုများ ရှိလာနိုင်ကြောင်း၊ တရားရုံးတွင် စစ်ဆေးသော အမှုသည် ပြစ်မှုအမျိုးအစားတွင် မူတည်ပြီး တရားရုံး လုပ်ထုံးလုပ်နည်းအရ တရားသူကြီးက ဆုံးဖြတ်ရမည် ဖြစ်သည့်အတွက် ၎င်းအနေဖြင့် ပြော၍မရကြောင်း ပြန်လည်ဖြေကြားသည်။

“ဦးဆန်းဆင့်အနေနဲ့ စွပ်စွဲခံရသူ တစ်ဦးအပေါ် ဥပဒေက ပေးအပ်တဲ့ အခွင့်အရေးများကို ခံစားခွင့် ရှိမယ်။ မျှတတဲ့ တရားစီရင်မှုကို ရရှိမယ်လို့ပဲ ပြောနိုင်ပါတယ်။ ဦးဆန်းဆင့် မိသားစုနဲ့ ပတ်သက်ပြီး ကျွန်တော်မသိပါဘူး။ ပြည်ထဲရေးကို မေးပါ” ဟု နိုင်ငံတော်သမ္မတ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ပြောကြားသည်။

သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် တစ်ဦးတစ်ယောက်အား ဥပဒေနှင့်မညီဘဲ မတရား တားဆီးခြင်း၊ မတရား ချုပ်နှောင်ခြင်းတို့ ပြုလုပ်ပါက ရာဇ၀တ်မှု မြောက်မည်ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ရာ ရောက်မည်ကိုလည်း သတိပြုရန် လိုအပ်မည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများတွင် ‘တစ်ဦးတစ်ယောက်သောသူ သွားလာပိုင်ခွင့်ရှိသော အရပ်သို့ မသွားမလာရအောင် တားဆီးရန် မည်သူမဆို ထိုသူအား မိမိအလိုအလျောက် ပိတ်ပင်လျှင် ထိုပိတ်ပင်သူသည် မတရား တားဆီးကန့်ကွက်သည်မည်ကြောင်း’ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၉ တွင် ပြဋ္ဌာန်းထားသည်။
    
ထို့အတူ မည်သူမဆို တစ်ဦးတစ်ယောက်သောသူကို ပိုင်းခြားသတ်မှတ်ထားသော နေရာမှ အခြားသို့ မသွားမလာရအောင် တားဆီးရန် မတရား တားဆီးကန့်ကွက်လျှင် တားဆီးကန့်ကွက်သူသည် ထိုသူကို မတရား ချုပ်နှောင်ထားသည်မည်ကြောင်း ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၄၀ တွင် ပြဋ္ဌာန်းထားသည်။

ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၄၁ တွင် ‘မည်သူမဆို တစ်ဦးတစ်ယောက်သောသူကို မတရားတားဆီး ကန့်ကွက်လျှင် ထိုသူကို တစ်လအထိ ထောင်ဒဏ်ချမှတ်နိုင်ကြောင်း’ ပြဋ္ဌာန်းထားသည်ကို တွေ့ရသည်။

အလားတူ ‘မည်သူမဆို တစ်ဦးတစ်ယောက်သောသူကို မတရား ချုပ်နှောင်ထားလျှင် ထိုသူကို ထောင်ဒဏ်တစ်နှစ်အထိ ချမှတ်နိုင်ကြောင်း’ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၄၂ အရ သိရသည်။

နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ အများပြည်သူ အေးချမ်းသာယာရေးနှင့် အများပြည်သူ အကျိုးငှာ ဥပဒေနှင့်အညီ ကြိုတင်ကာကွယ် ထားရှိရန် လိုအပ်သောကိစ္စ သို့မဟုတ် တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ ခွင့်ပြုသည့်ကိစ္စမှတစ်ပါး စီရင်ပိုင်ခွင့်ရှိသော တရားသူကြီး၏ ချုပ်မိန့်မရရှိဘဲ မည်သူ့ကိုမျှ ၂၄ နာရီထက်ပို၍ ချုပ်နှောင်ခြင်း မပြုရဟူ၍ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၇၆ တွင် ပြဋ္ဌာန်းထားသည်။

သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်မှာ ၂၀၁၀ ရွေးကောက်ပွဲတွင် ရေကြည်မြို့နယ် မဲဆန္ဒနယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက် ခံရသူဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်စဉ် ပြည်သူလူထု၏ ယုံကြည်ကိုးစားမှုကို ခံခဲ့ရသူ ဖြစ်သည်။

Eleven Media Group

No comments:

Post a Comment