Monday 23 June 2014

ရန်ကုန်လေဆိပ် အဆင့်မြှင့်တင်ရေး လုပ်ငန်းအား အေးရှားဝေါလ်ကုမ္ပဏီ လက်အောက်ရှိ Pioneer Aerodrome ကုမ္ပဏီသို့ တရားဝင် လုပ်ငန်းလွှဲပြောင်းအပ်နှံခြင်း မပြုရသေးမီပင် လုပ်ငန်းများ စတင်နေ

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အဆင့်မြှင့်တင် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ရွှန်းလဲ့ဝင်း)
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အဆင့်မြှင့်တင် တည်ဆောက်ရေးလုပ်ငန်းအား အေးရှားဝေါလ်ကုမ္ပဏီ လက်အောက်ရှိ Pioneer Aerodrome Consortium ကုမ္ပဏီသို့ တရားဝင် လုပ်ငန်းလွှဲပြောင်းအပ်နှံခြင်း မပြုရသေးမီပင် တည်ဆောက်ရေးလုပ်ငန်းများ စတင်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အား အဆင့်မြှင့်တင် တည်ဆောက်ရန် အေးရှားဝေါလ်ကုမ္ပဏီ လက်အောက်ရှိ Pioneer Aerodrome Services ကုမ္ပဏီအား ရွေးချယ်ခဲ့ပြီး အဆိုပါကုမ္ပဏီနှင့် လေဆိပ်တည်ဆောက်ရေးအတွက် သဘောတူစာချုပ် ချုပ်ဆိုနိုင်ရန် မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနနှင့် ညှိနှိုင်းဆွေးနွေးမှုများကို ပြုလုပ်ခဲ့ပြီးဖြစ်သည်။

ယင်းသို့ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ရှေ့နေချုပ်ရုံး၊ စီးပွားရေးရာကော်မတီ စသည့်အဖွဲ့အစည်းများသို့ တင်ပြခဲ့ပြီး အဆိုပါ ကော်မတီများမှ ခွင့်ပြုချက် ရရှိခဲ့ပြီး လက်ရှိတွင် မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင် (MIC) သို့ တင်ပြထားသော်လည်း ခွင့်ပြုချက် မရသေးကြောင်း သိရသည်။    

ယင်းသို့ လေဆိပ်အဆင့်မြှင့်တင် တည်ဆောက်ရန် (MIC) မှ ခွင့်ပြုချက် မရသေးသော်လည်း ရန်ကုန် လေဆိပ် အဆင့်မြှင့်တင် တည်ဆောက်ရေး လုပ်ငန်းများကို စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရန်ကုန်လေဆိပ် အဆင့်မြှင့်တင် တည်ဆောက်ရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် လုပ်ငန်းလွှဲပြောင်း အပ်နှံသည့် ကန်ထရိုက်စာချုပ်အား လာမည့်ဇွန်လ နောက်ဆုံးပတ် (သို့မဟုတ်) ဇူလိုင်လတွင်မှ ချုပ်ဆိုသွား ရန် စီစဉ်နေကြောင်း သိရသည်။

“Pioneer Aerodrome Consortium ကုမ္ပဏီကို လုပ်ငန်းလွှဲပြောင်းအပ်နှံတဲ့ ကန်ထရိုက်စာချုပ်ဖြစ်တဲ့ Concession Agreement ကို မကြာခင် ချုပ်ဆိုသွားမှာ ဖြစ်ပါတယ်။ ခုချိန်မှာတော့ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင်(MIC) ကို တင်ပြထားပါတယ်။ (MIC) ခွင့်ပြုချက်ရတာနဲ့ လုပ်ငန်းလွှဲပြောင်း အပ်နှံတဲ့ စာချုပ်ကို လက်မှတ်ထိုးမှာပါ” ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအရ Pioneer Aerodrome Consortium ကုမ္ပဏီသည် ခရီးသည် ၂ ဒသမ ၇ သန်း လက်ခံနိုင်စွမ်းရှိသည့် လက်ရှိ ရန်ကုန်လေဆိပ်အား ခရီးသည် ခြောက်သန်း လက်ခံနိုင်စွမ်းရှိရန် တည်ဆောက်ပေးရမည် ဖြစ်သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအရ လေဆိပ်အဆောက်အုံသစ်အား တည်ဆောက်ရာတွင် လက်ရှိအသုံးပြုလျက်ရှိသည့် ပြည်တွင်းခရီးသည် ဆိုက်ရောက်၊ ထွက်ခွာ ဆောင်ကိုသာ ဖြိုချ၍ အသစ်တည်ဆောက်သွားမည်ဖြစ်ပြီး ပြည်ပခရီးသည် ဆိုက်ရောက်၊ ထွက်ခွာ ဆောင်ကို မူ လက်ရှိအတိုင်း ထားရှိသွားမည်ဟု သိရသည်။  

Eleven Media Group 

No comments:

Post a Comment