Monday 23 June 2014

လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ၂၀၁၅ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည်


မိုးကုတ်မြို့တွင် ဇွန် ၂၁ ရက်က ပြုလုပ်ခဲ့သော လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ရုံးဖွင့်လှစ်ခြင်း အခမ်းအနား
လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီမှ လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင် သွားမည် ဖြစ်ကြောင်း မိုးကုတ်မြို့တွင် ဇွန် ၂၁ ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သော လီဆူအမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး ပါတီ ရုံးဖွင့်လှစ်ခြင်း အခမ်းအနားမှ သိရသည်။

လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) မိုးကုတ်မြို့ ရုံးခွဲဖွင့်လှစ်ခြင်း အခမ်းအနားကို မိုးကုတ်မြို့ အောင်မင်္ဂလာရပ်ရှိ ပါတီရုံး အနီးဝန်းကျင်တွင် နံနက် ၉ နာရီခွဲ အချိန်က ပြုလုပ်ခဲ့သည်။

“၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ကျန်ရှိနေသေးတဲ့ ရှမ်းပြည်၊ မိုးမိတ်၊ တောင်ကြီး၊ လာရှိုး၊ မူဆယ်၊ ချီဗွေ ဆော့လော်၊ ပူတာအိုဒေသတွေမှာ ပါတီဝင်တွေ ထပ်ဖွဲ့ပြီး ရုံးခန်းတွေ ဖွင့်လှစ်နိုင်အောင် ကြိုးစားသွားမှာပါ။ ကြားဖြတ်ရွေးကောက်ပွဲကိုတော့ ၀င်ဖို့ မသေချာသေးပါဘူ။ ၂၀၁၅ ရွေးကောက်ပွဲမှာတော့ လီဆူလူမျိုး အများစု နေထိုင်တဲ့ မြို့နယ်တွေကနေ ၀င်ပြိုင်သွားမယ်” ဟု လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) ရုံးချုပ်မှ ဥက္ကဋ္ဌဦးရွှေမင်း (ခ)ဆီဖါလာလူးက ပြောကြားသည်။

“လီဆူလူမျိုးတွေရဲ့ အဓိကအားနည်းချက်က စည်းလုံးညီညွတ်မှုပဲ။ အဲဒါကြောင့် လူမျိုးအချင်းချင်း စည်းလုံး ညီညွတ်စွာ ဆွေးနွေးတိုင်ပင်ပြီး ဖွံ့ဖြိုးလာဖို့၊ တိုးတက်လာဖို့ အခုလို ပါတီဖွဲ့ပြီး ဆောင်ရွက်ခဲ့တာပါ။ အတိုက်ခံ သဘောမျိုး မရှိပါဘူး။ တခြားညီနောင်တိုင်းရင်းသားပါတီ အဖွဲ့အစည်းတွေနဲ့ မဟာမိတ်ပုံစံမျိုး ပူးတွဲ ဆောင်ရွက်သွားမှာပါ” ဟု ဥက္ကဋ္ဌ ဦးရွှေမင်းက ပြောကြားသည်။

လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) ကို ၂၀၁၃ ခုနှစ် ဇွန်လတွင် တည်ထောင်ခွင့် တင် လျှောက်ခဲ့ပြီး အောက်တိုဘာလ၌ တည်ထောင်ခွင့် ရရှိခဲ့ကာ ဒီဇင်ဘာ ၁၇ ရက်တွင် ရွေးကောက်ပွဲ ကော်မရှင်မှ မှတ်ပုံတင်အမှတ် ၆၉ ဖြင့် တရားဝင် ခွင့်ပြုပေးခဲ့ကြောင်း၊ ယခုအခါ ပါတီဗဟိုရုံးချုပ်အား မြစ်ကြီးနားမြို့တွင် အခြေစိုက် ဖွင့်လှစ်ထားရှိပြီး ပါတီဝင်ဦးရေ စုစုပေါင်း ၂၅၀၀ ရှိကြောင်း သိရသည်။

“လီဆူတိုင်းရင်းသားတွေ အနေနဲ့ လက်နက်ကိုင် အဖွဲ့အစည်း မရှိဘူး။ သူပုန်မရှိဘူး။ ဓားပြမရှိသလို သူခိုး လည်း မရှိပါဘူး။ အမျိုးသားလူမျိုးကို အခြေခံပြီး ပါတီဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်” ဟု လီဆူအမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး ပါတီ (မိုးကုတ်) မြို့မှ တွဲဖက်အတွင်းရေးမှူး ဦးအဆီး(ခ)ဦးအောင်နိုင်က ဆိုသည်။

လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) ကို ၀ိုင်းမော်၊ ဗန်းမော်နှင့် မိုးကုတ်မြို့တွင် တရားဝင် ပါတီရုံးများ ဖွင့်လှစ်ထားရှိကာ ရန်ကုန်နှင့် ပြင်ဦးလွင်တို့တွင်လည်း ရုံးခွဲများ ဆက်လက်ဖွင့်လှစ်သွားမည်ဟု သိရသည်။

Eleven Media Group

No comments:

Post a Comment