Monday 2 June 2014

ပြည်ပခရီးသွားလုပ်ငန်း လိုင်စင် အာမခံကြေး သိန်း ၅၀၀ ပယ်ဖျက်ရန် ခရီးသွားလုပ်ငန်း အသင်းဝင်များ သဘောတူ

Photo: ပြည်ပခရီးသွားလုပ်ငန်း လိုင်စင် အာမခံကြေး သိန်း ၅၀၀ ပယ်ဖျက်ရန် ခရီးသွားလုပ်ငန်း အသင်းဝင်များ သဘောတူ
Monday, June 2, 2014

ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနက မကြာမီ ခွင့်ပြုရန် ရှိသော ပြည်ပခရီးစဉ် လုပ်ငန်း လိုင်စင်အတွက် သတ်မှတ်မည့် အာမခံကြေး သိန်း ၅၀၀ ကို ပယ်ဖျက်ရန် ခရီးသွားကုမ္ပဏီ အများစုက ဆန္ဒပြုကြကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းဝင်များထံမှ သိရသည်။ 

UMFCCI တွင် မေ ၃၀ ရက်က ကျင်းပသည့် ခရီးသွားလုပ်ငန်းရှင်များ အသင်း၏ ပြည်ပခရီးစဉ် (Outbound Tour) ဆိုင်ရာ စည်းမျဉ်း စည်းကမ်းများ ဆွေးနွေးပွဲတွင် ခရီးသွားလုပ်ငန်းရှင် အများစုက ဆန္ဒပြုခဲ့ခြင်း ဖြစ်သည်။

“Outbound Tour က ပုံစံအမျိုးမျိုးနဲ့ ရှိတယ်။ ဒီအာမခံ စပေါ်ငွေ သိန်း ၅၀၀ ဆိုတာက ခရီးသွားကုမ္ပဏီ သေးတွေအတွက်ရော ပြည်ပနဲ့ ဖက်စပ်လုပ်တာ မဟုတ်တဲ့ မြန်မာတိုင်းရင်းသား ကုမ္ပဏီတွေအနေနဲ့ မသင့်လျော်ဘူး” ဟု မြန်မာခရီးသွား လုပ်ငန်းရှင်များ အသင်း၏ အလုပ်အမှုဆောင် အဖွဲ့ဝင် ပါမောက္ခ ဦးခင်စိန်မောင်က ဆိုသည်။

ယင်းအပြင် ဘာသာရေးကိစ္စကို အကြောင်းပြု၍ ရဟန်း (သို့) လူပုဂ္ဂိုလ်တစ်ဦးဦးက စည်းရုံး ခေါ်ဆောင်သည့် ဘာသာရေးခရီးစဉ်ဟု ဆိုသော ပြင်ပခရီးစဉ် (Outbound Tour) သွားနေခြင်း၊ ဘာသာရေးခရီးစဉ် အမည်တပ်၍ အခြားမြို့များသို့ သွားရောက် လည်ပတ်ခြင်းများကို ဝန်ကြီးဌာန အနေနှင့် အဆိုပါ လုပ်ငန်းလိုင်စင် စည်းမျဉ်း ရေးဆွဲရာတွင် ဥပဒေများ ချမှတ်သင့်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ခရီးသွားလုပ်ငန်း အမှန်တကယ် ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် အခုလို စည်းကမ်းတွေက အခက်အခဲ အများကြီး ရှိတယ်” ဟု Yuya Travel & Tour က ဆိုသည်။

တရားဝင်လိုင်စင် မရှိဘဲ လုပ်ကိုင်နေရသည့် မြန်မာနိုင်ငံမှ ပြည်ပခရီးစဉ် (Outbound Tour) စီစဉ်သည့် ခရီးသွား ကုမ္ပဏီများကို တရားဝင်လိုင်စင် ချထားပေးရန်အတွက် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနက ရေးဆွဲသည့် Outbound Tour ဆိုင်ရာ စည်းမျဉ်း စည်းကမ်း မူကြမ်းဆိုင်ရာ ဆွေးနွေးပွဲတွင် မူကြမ်းပါ ပြည်ပခရီးစဉ် ဆောင်ရွက်ရာတွင် ခရီးစဉ်အလိုက် လိုအပ်သည့် အချက်အလက်များကို ဦးစီးဌာနသို့ ပြည့်စုံစွာ တင်ပြရမည့်အချက်၊ အာမခံစပေါ်ငွေ သို့မဟုတ် ဘဏ်အပ်နှံငွေ သိန်း ၅၀၀ တိတိ ထားရှိရမည် အချက်၊ သီးခြားညွှန်ကြားချက် မရခင် ပြည်ပခရီးစဉ် ဆောင်ရွက်မှုတိုင်းကို ဝန်ကြီးဌာန၏ ခွင့်ပြုချက်ရမှ ဆောင်ရွက်ရမည့် အချက်နှင့် အထူးခရီးသွားအာမခံ ငွေထားရှိရမည် ဆိုသည့် အချက်များကို အဓိကထား ဆွေးနွေးခဲ့ပြီး ဇွန်လ ၁၂ ရက်နေ့ နောက်ဆုံးထား၍ ပေးပို့ရန် ရှိကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။

မူကြမ်းမှာ အပြီးမသတ်သေးကြောင်း၊ ခရီးသွားလုပ်ငန်းရှင်များ အသင်းမှ အသင်းသားများ၏ သဘောထားကို ပြန်လည် တောင်းခံထားခြင်း ဖြစ်ရာ လုပ်ငန်းရှင်များ၏ ဆွေးနွေးချက်ကို ထည့်သွင်း စဉ်းစားသွားမည် ဖြစ်ကြောင်း နေပြည်တော် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန ညွန်ကြားရေးမှူး ဦးတင်ထွန်းအောင်က ပြောကြားထားသည်။

စပေါ်ငွေကြေး ပမာဏမှာ လုပ်ငန်းတစ်ခု လည်ပတ်နိုင်သည့် ငွေကြေး ဖြစ်သည့်အတွက် အဆင်မပြေနိုင်ဘဲ ယင်းငွေကို ခရီးသွားလုပ်ငန်းတွင် ပြန်လည် အသုံးပြုခွင့်ရရန် မျှော်လင့်ထားကြောင်း ခရီးသွားလုပ်ငန်း ကုမ္ပဏီများထံမှ သိရသည်။ 

(အောင်သီဟ)
The Voice Weekly

No comments:

Post a Comment