Monday 2 June 2014

တရုတ်နိုင်ငံမှ ကွန်ဒိုတိုက်ခန်းများ ပြည်တွင်း၌ ရောင်းချမည်

တရုတ်ပြည်သူ့သမ္မတနိုင်ငံ Cheng Du မြို့ရှိ Neptune ကွန်ဒိုတိုက်ခန်းများကို မြန်မာနိုင်ငံတွင် လာရောက် ရောင်းချမည် ဖြစ်ကြောင်း အဆိုပါ ကွန်ဒိုတိုက်ခန်း ရောင်းချရေး မြန်မာနိုင်ငံ တာဝန်ခံ ဦးသော်ဇင်က ပြောကြားသည်။ 

Neptune ကွန်ဒိုမှာ ၃၁ ထပ်ရှိကာ အခန်းပေါင်း ၄၆၅ ခန်း ပါဝင်ပြီး စုစုပေါင်း အခန်း၏ ထက်ဝက်ခန့်ကို အခြားနိုင်ငံများ၌ ရောင်းချပြီး ဖြစ်ကြောင်း ၎င်းကဆိုသည်။ ယင်းအခန်းများမှာ ကြယ်ငါးပွင့် ဟိုတယ်အဆင့် ရှိ အခန်းများ ဖြစ်ပြီး အခန်းတွင်း အသုံးအဆောင်များ ပါဝင်မည်ဖြစ်ကြောင်း တစ်မီတာ ပတ်လည်လျှင် ယွမ် ၁၈,၀၀၀ နှုန်း (ကျပ် ၂၉ သိန်းခန့်) ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ 

ယင်းကွန်ဒို ရောင်းချပွဲကို ဇွန်လ ၆ ရက်နေ့မှ ၈ ရက်နေ့ထိ ရန်ကုန်မြို့တော် ဆူးလေရှန်ဂရီလာ ဟိုတယ်တွင် နံနက် ၁၀ နာရီမှ ည ၇ နာရီထိ ပြုလုပ်မည် ဖြစ်၍ ဝယ်ယူရန် ဆန္ဒရှိပါက စာရင်းသွင်းငွေ အမေရိကန်ဒေါ်လာ ၄၀၀၀ ပေးသွင်းရမည် ဖြစ်ကြောင်း၊ ဝယ်ယူမည့်သူများကို တရုတ်နိုင်ငံသို့ နှစ်ညအိပ် သုံးရက်ခရီး လေ့လာရေးခရီး ခေါ်ယူမည် ဖြစ်ပြီး ဝယ်ယူမည့် တိုက်ခန်းတွင် နေစရိတ်၊ စားစရိတ်ငြိမ်း နေခွင့်ပြုမည် ဖြစ်ကြောင်း အဆိုပါကွန်ဒို ရောင်းချရေး အဖွဲ့ထံမှ သိရသည်။ 

Neptune ကွန်ဒိုစီမံကိန်းမှာ နှစ်လေးဆယ် BOT စနစ်ဖြင့် ဆောက်လုပ်ခြင်း ဖြစ်ပြီး ၂၀၁၂ ခုနှစ်တွင် တည်ဆောက် ပြီးစီးခဲ့ခြင်း ဖြစ်ကာ ဝယ်ယူသူများက ၃၆ နှစ် ပိုင်ဆိုင်ခွင့်ရှိကြောင်း ၎င်းတို့ထံမှ သိရသည်။ တစ်မီတာ ပတ်လည် ကျပ် ၂၉ သိန်း ဝန်းကျင်နှုန်းမှာ ပြည်တွင်းရှိ ကွန်ဒို တိုက်ခန်းများနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်း သင့်တင့်မှု ရှိကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာသာအေးက သုံးသပ်သည်။ 

“ဒီမှာက နေရာကောင်းတဲ့ ကွန်ဒိုတွေဆိုရင် တစ်မီတာ ပတ်လည် သိန်း ၃၀ ကနေ ၃၅ သိန်းအထိ ရှိတယ်။ ချန်ဒူးမြို့ ဆိုတာလည်း ဒီက စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ မစိမ်းတဲ့ မြို့ဆိုတော့ အသွားအလာ အမြဲရှိနေသူ တွေ ဝယ်နိုင်တဲ့ဈေးပဲ။ နိုင်ငံခြားသားတစ်ဦးကို ၃၆ နှစ် ပိုင်ဆိုင်ခွင့် ပေးနိုင်တယ်ဆိုရင် သူတို့ အမြော်အမြင် ရှိတယ်လို့ ဆိုရမယ်။ ဥပဒေအရ ခိုင်မာမှု ရှိမယ် ဆိုရင်ပေါ့” ဟု ၎င်းက ပြောဆိုသည်။

The Voice Weekly 

No comments:

Post a Comment