Monday 2 June 2014

ဖွဲ့စည်းပုံခုံရုံး ဥပဒေ ပြန်ပြင်ရန် သမ္မတကြိုးပမ်း

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတစ်ရပ်ကို ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် အစိုးရက ထုတ်ပြန်လိုက်ခြင်းဖြင့် ပြည်ထောင်စုလွှတ်တော်က ပြင်ဆင်ထားသည့် ဥပဒေကြမ်းကို သမ္မတက ပြန်လည် ပြင်ဆင်ရန် ခြေလှမ်းစတင်လိုက်ပြီဖြစ်သည်။

ယခင်ပြင်ဆင်ထားသည့် ဥပဒေအရ ခုံရုံးဥက္ကဋ္ဌရာထူး အတည်ပြုခန့်ထား နိုင်ရန် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့၏ ထောက်ချက်ဖြင့် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးရမည် ဖြစ်သော် လည်း ယခုအခါ နိုင်ငံတော်သမ္မတက ၎င်းသင့်လျော်သည်ဟု ယူဆသော နည်းလမ်းဖြင့် ရွေးချယ်နိုင် ရန် ပြင်ဆင်လိုခြင်းဖြစ်သည်။

အများပြည်သူသို့ ထုတ်ပြန်လိုက်သည့် ဥပဒေကြမ်းကို နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးကို ပြင်ဆင်သည့်ဥပဒေဟု ခေါ်တွင်စေရမည်ဟု ဖော်ပြထားပြီး အခန်း ၁၇ ခန်းကို ပြင်ဆင်ခြင်းဖြည့်စွက်ခြင်းများ ပြုလုပ်ထားသည်ကို တွေ့ရသည်။

ဥတ္တရသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက “ဥပဒေမှာတော့ သင့်လျော်သည်ဟု ယူဆရ သည့် နည်းလမ်းအရ ဆိုတာကတော့ မခိုင်မာဘူး။ ရှုပ်ထွေးမှုတွေ ဖြစ်လာနိုင်ပါတယ်”ဟု သုံးသပ် သည်။

သီပေါမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက ယခင်က ခုံရုံးဥပဒေကို ပြင်ဆင်သည့် အချို့အချက်များသည် အခြေခံဥပဒေနှင့် မညီဟုဆိုသော်လည်း ဦးမင်းသူကမူ အခြေခံဥပဒေနှင့် ညီခြင်း၊ မညီ ခြင်းသည် ခုံရုံးက ဆုံးဖြတ်ရမည်ဖြစ်သည့်အတွက် မှတ်ချက် မပြုလိုဟုဆိုသည်။

ဦးရဲထွန်းက “အဲဒီပြင်ဆင်ချိန်တုန်းက လွှတ်တော်က သြဇာအထက်ဆုံး အချိန်လည်းဖြစ်တယ်။ ကျွန်တော် အဲဒီကတည်းက အခြေခံဥပဒေနဲ့ မညီဘူးလို့ပြောခဲ့ပါတယ်” ဟု ဆိုသည်။

အခြေခံဥပဒေ ပုဒ်မ ၃၂၇ ၌မူ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ရရှိ ပြီးသည့် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအဖြစ် ခန့်အပ်တာဝန်ပေးရမည်ဟု ပြဋ္ဌာန်း ထားသည်။

၂၀၁၂ ခုနှစ်အတွင်း လွှတ်တော်များ၏ ကော်မတီနှင့် ကော်မရှင်တို့ကို ပြည်ထောင်စုအဆင့်မဟုတ်ဟု ဆုံးဖြတ်ခဲ့မှုကြောင့် ပြည်ထောင်စုလွှတ်တော်က ခုံရုံးကိုစွပ်စွဲ ပြစ်တင်ရန်ကြိုးပမ်းခဲ့ပြီး တစ်ဖွဲ့လုံး နုတ် ထွက်ခြင်းဖြင့် အငြင်းပွားမှုကို ဖြေရှင်းခဲ့ရသည့် သာဓက ရှိခဲ့သည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော်က ခုံရုံးဆိုင်ရာဥပဒေကို ပြန်လည်ပြင်ဆင်ခဲ့ပြီး ယင်းတွင် ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ခန့်အပ်ခွင့်ဆိုင်ရာပြင်ဆင်ချက်များ၊ တာဝန်နှင့်လုပ်ပိုင်ခွင့်ဆိုင်ရာ ပြင်ဆင်ချက်များပါဝင်သည်။

ယင်းအချိန်ကတည်းက လွှတ်တော်ပြင်ဆင်သည့် ဥပဒေကြမ်းကို နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုး အတည်ပြုပေးရန် ငြင်းဆန်ခဲ့သည်။

သို့သော် လွှတ်တော်ကလည်းပြန်လည် ပြင်ဆင်မပေးသဖြင့် အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအရ သတ် မှတ် ကာလအတွင်း အတည်ဖြစ်ခဲ့သည်။ ယင်းနောက် တစ်နှစ်ခန့်ကြာချိန်တွင် သမ္မတကအချက်အချို့ ပြန်လည်ပြင်ဆင်ရန် ကြိုးပမ်းလာခြင်းဖြစ်သည်။

Mizzima - News in Burmese 

No comments:

Post a Comment