Monday 2 June 2014

နယ်စပ်ပြဿနာ ဖြေရှင်းရန် ဘင်္ဂလားဒေ့ရှ်- မြန်မာ နှစ်နိုင်ငံအစည်းအဝေး ရက်ပိုင်းအတွင်း ပြုလုပ်မည်

အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည့် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနှစ်နိုင်ငံ နယ်စပ်ဒေသသို့ အကြမ်းဖက် သောင်း ကျန်းသူများ မဝင်ရောက်နိုင်ရေး၊ နယ်စပ်ပြဿနာများ ထပ်မံမပေါ်ပေါက် စေရေးတို့အတွက် အလံတင် အစည်းအဝေး တစ်ရပ်ကို ရက်ပိုင်းအတွင်း ပြုလုပ်မည် ဖြစ်ကြောင်း မြန်မာ့ရုပ်မြင်သံကြား သတင်းမှတစ်ဆင့် ဇွန်လ ၁ ရက်နေ့တွင် ထုတ်ပြန် ကြေညာသည်။

နယ်စပ်ဒေသတွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ နိုင်ငံအကြား ဆက်ဆံရေး၊ ယုံကြည်မှုနှင့် ချစ်ကြည်ရင်းနှီး မှု တို့ကို ဆက်လက်ထိန်းသိမ်းရန် ယင်းသို့ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ 

ယင်းအလံတင် အစည်းအဝေးကို မြန်မာနိုင်ငံ အတွင်းတွင် ပြုလုပ်မည်ဖြစ်ပြီး အစည်းအဝေး ပြုလုပ်မည့် နေ့ရက်များကို အတိအကျ ပြောဆို၍ မရသေးကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ ဒုတိယရဲမှူးကြီး မင်းအောင်က ပြောကြားသည်။

အလံတင် အစည်းအဝေးကို ဇွန်လ ၅ ရက်နေ့တွင် ပြုလုပ်ရန် မြန်မာအစိုးရက ကမ်းလှမ်းထားသည်ဟု စစ်တကောင်း ဒေသရှိ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှ Commander Brig Gen Syed Ahmed Ali ပြောဆိုချက်ကို ကိုးကားကာ The Daily Star တွင် ဖော်ပြသည်။

နယ်စပ်တွင် နှစ်နိုင်ငံလုံးက စစ်အင်အား တိုးမြှင့်ထားပြီး တင်းမာမှုများ ရှိနေသေးသော်လည်း ဇွန်လ ၁ ရက်နေ့တွင် အပြန် အလှန် ပစ်ခတ်မှု တစ်စုံတစ်ရာ ဖြစ်ပွားခြင်း မရှိကြောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

မေလ ၂၈ ရက်နေ့ နံနက်ပိုင်းက အဝါရောင် ပြောက်ကျားဝတ်စုံ ဝတ်ဆင်ထားသည့် ဘင်္ဂါလီ လက်နက်ကိုင် နှစ်ဦးသည် မိုင် တိုင် အမှတ် ၅၁ နှင့် ၅၂ အကြား မြန်မာပိုင်နက်အတွင်း နယ်စပ်ခြံစည်းရိုး ဘက်သို့ ပေ ၈၀ ခန့်အကွာသို့ ချဉ်းကပ် လာစဉ် မြန်မာ လုံခြုံရေး ကင်းပုန်းတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့ဆုံရာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး လက်နက်ကိုင် တစ်ဦး ကျဆုံးခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ကျဆုံးသွားသည့် လက်နက်ကိုင်မှာ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) မှ တပ်ကြပ်အဆင့်ရှိသူ Nayek Mizanur Rahman ဖြစ်သည်ဟုဆိုကာ ဘင်္ဂလားဒေ့ရှ် အစိုးရက ၎င်းအားပြန်ပေးရန် တောင်းဆိုခဲ့ပြီး ယင်းအရာရှိကို ရှာဖွေရာမှ မေလ ၃၀ ရက်နေ့တွင် နယ်စပ်တွင် နှစ်နိုင်ငံတပ်များ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။

The Voice Weekly 

No comments:

Post a Comment