Monday 2 June 2014

ငြိမ်းးချမ်းရေး ဖြစ်စဉ်ကို အခြေခံပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် နိုင်ငံတော်သမ္မတ တိုက်တွန်း

Photo: ငြိမ်းးချမ်းရေး ဖြစ်စဉ်ကို အခြေခံပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် နိုင်ငံတော်သမ္မတ တိုက်တွန်း 
Monday, June 2, 2014

ငြိမ်းချမ်းရေး ဖြစ်စဉ်များကို အခြေခံကာ ပေါ်ပေါက်လာမည့် နိုင်ငံရေး ဆွေးနွေးပွဲများမှ ရရှိလာသော ရလဒ်များအပေါ် မူတည်၍ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သင့်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တိုက်တွန်းပြောကြားသည်။ 

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဇွန်လ ၁ ရက်နေ့တွင် ပြောကြားခဲ့သည့် ရေဒီယိုမိန့်ခွန်းတွင် ယင်းသို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

“ငြိမ်းချမ်းရေး ဖြစ်စဉ်တွေကို အခြေခံပြီး ပေါ်ပေါက်လာတဲ့ နိုင်ငံရေး ဆွေးနွေးပွဲများမှ သဘောတူညီချက်များပေါ်မူ တည်၍ လိုအပ်သလို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ဖြည့်စွက် ရေးသားခြင်းများ ပြုလုပ်သင့်ပါတယ်” ဟု ၎င်းကဆိုသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရာတွင် တိုင်းရင်းသားအားလုံး၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး လိုအပ်ချက်များနှင့် သဟဇာတ ဖြစ်စေရန် အခြေအနေ အချိန်အခါပေါ် မူတည်၍ ပြင်ဆင်ရေးသားနိုင်သော အခြေခံမှုမျိုးကို ချမှတ်ထားမှသာ အခြေခံဥပဒေသည် ပြည်တွင်းငြိမ်းချမ်းရေးနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အထောက်အကူပြုမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။ 

အဆိုပါ တိုင်းရင်းသားအားလုံး ပါဝင်နိုင်မည့် နိုင်ငံရေး ဆွေးနွေးပွဲများကို ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ကျင်းပပြုလုပ်နိုင်ရန် ကြိုးပမ်းလျက် ရှိပြီး အဆိုပါ ဆွေးနွေးပွဲ မတင်မီ ကနဦးပြုလုပ်ရမည့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို ၂၀၁၄ ခုနှစ်အတွင်း အပြီးသတ် လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာမှ တာဝန်ရှိသူများနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးရေးအဖွဲ့ NCCT ခေါင်းဆောင်အချို့က ဆိုထားသည်။ 

သို့သော် အခြေခံဥပဒေကို ပြင်ဆင်ရာတွင် မည်သည့် နိုင်ငံသား၊ တိုင်းရင်းသား တစ်ဦးကိုမျှ နိုင်ငံရေးအရ ဦးဆောင်နိုင်ခွင့်အား ကန့်သတ် တားမြစ်ထားခြင်းမျိုး မဖြစ်စေလိုကြောင်း၊ သို့သော်လည်း တစ်ဖက်တွင် အမျိုးသားအကျိုးစီးပွားနှင့် နိုင်ငံ၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို မထိပါးစေမည့် သင့်တင့်လျောက်ပတ်သော အကာအကွယ်မျိုး ထားရှိရန် လိုအပ်ကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြင်ဆင်ပေးရန် တောင်းဆိုထားသော နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြောက်ရေးဆိုင်ရာ အခန်း ပုဒ်မ ၅၉ (စ) နှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၎င်း၏ သဘောထားကို ရှင်းပြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မေလ ဒုတိယပတ်အတွင်း ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ဗိုလ်စိန်မှန် အားကစားကွင်းတွင် ပြုလုပ်သော အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဟောပြောပွဲ၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အခြေခံဥပဒေကို ပြုပြင် ပြောင်းလဲပေးလိုစိတ်ရှိသူ မဟုတ်ဟု ဝေဖန်ပြောဆိုထားသည်။

The Voice Weekly

No comments:

Post a Comment