Monday 2 June 2014

ရှမ်း (မြောက်) နှင့် ကချင်ရှိ စစ်ရှောင်ဒုက္ခသည်များကို ရွှေပါရမီ ကျန်းမာရေးဖောင်ဒေး ရှင်း သွားရောက်ဆေးကု

တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အချို့အကြား တိုက်ပွဲများကြောင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) နှင့် ကချင်ပြည်နယ်အတွင်း ပျံ့နှံ့ ရောက်ရှိနေသော စစ်ရှောင်ဒုက္ခသည်များကို ရွှေပါရမီ ကျန်းမာရေး ဖောင်ဒေးရှင်းက ကျန်းမာရေး စောင့်ရှောက်မှုအဖြစ် သွားရောက် ဆေးကု သပေးနေကြောင်း ရွှေပါရမီ ဆရာတော် အရှင်ဆန္ဒာဓိကက မိန့်ကြားသည်။

အဆိုပါ ဒေသများသို့ တတိယအကြိမ်အဖြစ် သွားရောက်သည့် ရွှေပါရမီ ကျန်းမာရေး ဖောင်ဒေးရှင်း၏ ခရီးစဉ်တွင် နမ့်ခမ်းမြို့၌ အခြေပြု၍ မေလ ၃၀ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ရန်ကုန်မြို့မှ ပါမောက္ခ ဆရာဝန်ကြီးများ အပါအဝင် ဆရာဝန်ဦးရေ တစ်ရာကျော်၊ လုပ်အားဒါန အကူ ၃၀၀ ကျော်ဖြင့် အထွေထွေ ရောဂါများကို သွားရောက် ကုသပေးခြင်း ဖြစ်ကြောင်း ဆရာတော်က ထပ်လောင်း မိန့်ကြားသည်။ 

“ခွဲစိတ်ကုသဖို့လိုတဲ့ ဝေဒနာရှင်တွေကိုလည်း ချက်ချင်း ကုသပေးနိုင်အောင် စီစဉ်ထားတယ်။ အချို့ ရောဂါကြီးရင်လည်း ဆက်ပြီးတော့ ကုသနိုင်ဖို့ စီစဉ်ပေးပါတယ်” ဟု ရွှေပါရမီဆရာတော်က ရှင်းပြ သည်။
သုံးရက်ကြာ ကျန်းမာရေး စောင့်ရှောက်မှု ခရီးစဉ်အတွင်း နမ့်ခမ်းဒေသနှင့် စစ်ရှောင်ဒုက္ခသည် အများအပြားရှိရာ မန်းဝိန်းကြီးဒေသတို့မှ လူဦးရေ တစ်သောင်းဝန်းကျင် ဆေးကုသပေးရန် စီစဉ်ထားခြင်း ဖြစ်ပြီး အလုံးစုံအခမဲ့ ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း၊ ယခင်က မူဆယ်နှင့် မြစ်ကြီးနား ဒေသများသို့ သွားရောက်ပြီး ခရီးစဉ်တစ်ခုလျှင် လူဦးရေ တစ်သောင်းဝန်းကျင် ဆေးကုသပေးနိုင်ခဲ့ကြောင်း ရွှေပါရမီဖောင်ဒေးရှင်းထံမှ သိရသည်။ 

အဆိုပါ ဒေသတွင် ပဋိပက္ခများ ဖြစ်ပွားနေဆဲ ဖြစ်၍ ဒုက္ခသည်စခန်းများသို့ တိုက်ရိုက်သွားရောက် ဆေးကုသမှုပေးရန် အခက်အခဲ ရှိသော်လည်း သက်ဆိုင်ရာ စခန်းများက ဆေးဝါး၊ အစားအစာ စသည့် လိုအပ်ချက်များ အကူအညီ တောင်းခံလာပါက ပေးအပ်မည်ဖြစ်ပြီး ကချင်ပြည်နယ် ဝိုင်းမော်ဒေသသို့လည်း သွားရောက်ရန် စီစဉ်နေကြောင်း အဆိုပါ ဖောင်ဒေးရှင်းထံမှ ထပ်မံသိရှိရသည်။ 

ရွှေပါရမီ ဖောင်ဒေးရှင်း၏ ယခုခရီးစဉ်ကို နမ့်ခမ်းမြို့ ဇေယျသုခ ဘုန်းတော်ကြီး ကျောင်းတိုက်တွင် အခြေပြု ဆောင်ရွက်နေခြင်း ဖြစ်ပြီး အဆိုပါကျောင်းဝင်း အတွင်း၌ပင် သီတဂူစက္ခုဒါန မျက်စိဆေးရုံ တည်ထောင်ထားသည့် အတွက် ခွဲစိတ်ကုသမှုများကို အဆင်သင့် ပြုလုပ်နိုင်ကြောင်း၊ ရွှေပါရမီ ကျန်းမာရေး ဖောင်ဒေးရှင်း၏ နယ်လှည့်ကုသမှု အစီအစဉ်ကို အမှန်တကယ် ကျန်းမာရေး စောင့်ရှောက်မှု အလှမ်းဝေးသော ဒေသများ၌ လုပ်ဆောင်လိုပါက ဖောင်ဒေးရှင်းသို့ ဆက်သွယ် အကူအညီ တောင်းခံနိုင်ပြီး ဒေသလိုအပ်ချက်၊ တိုင်းဒေသကြီး ပြည်နယ် အစိုးရများ၏ ခွင့်ပြုထောက်ပံ့မှုဖြင့် ဆောင် ရွက်ပေးနိုင်ကြောင်း ရွှေ ပါရမီ ဖောင်ဒေးရှင်းထံမှ သိရသည်။ 

ရွှေပါရမီဆရာတော်၏ ဦးဆောင်မှုဖြင့် ကျန်းမာရေး ဖောင်ဒေးရှင်းအပြင် မေတ္တာ ကုသိုလ်ဖြစ် အခမဲ့ဆေးခန်းများကို ပဲခူး၊ မြဝတီ၊ ချောက်စသည့် မြို့ကြီး ခုနစ်မြို့တွင် ဖွင့်လှစ်ထားသည်။

The Voice Weekly

No comments:

Post a Comment