Monday 2 June 2014

အခွန်တိမ်းရှောင်သော ကုမ္ပဏီကြီးများအား ဗြောင်ကျကျ အကာအကွယ် ပေးမှု အပေါ် အစိုးရအနေဖြင့် ဖြေရှင်းပေးရန်လို

အခွန်တိမ်းရှောင်နေသော ကုမ္ပဏီကြီးများအား ဗြောင်ကျကျ အကာအကွယ်ပေးလာသည့် လုပ်ရပ်များ အပေါ် အစိုးရအနေဖြင့် ဖြေရှင်းပေးရန် လိုအပ်လာသည်။ 

အခွန်ပိုမိုရရှိရန် ဆက်တိုက်ဖော်ထုတ် ရေးသားမှုများ ပြုလုပ်ခဲ့သည့်အတွက် အခွန်ပေးဆောင်သူ နှစ်စဉ် များပြား လာပြီး အစိုးရသစ် ပထမဆုံး တာဝန်ယူသော ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်၌ပင် ကျပ်ဘီလျံပေါင်း ၁၅၀၀ ကျော်အထိ ရရှိခဲ့သည်။ 

ယင်းနောက် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင်မူ ပြည်တွင်းအခွန်မှ ကောက်ခံပေးသည့် အခွန်ပမာဏမှာ ကျပ်ဘီ လျံ ပေါင်း ၂၇၀၀ ကျော်အထိ ရရှိခဲ့ပြန်သည်။ 

အခွန်ပိုမိုရရှိသည့်နှုန်းမှာ ရပ်တန့်သွားခြင်းမရှိဘဲ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကျပ်ဘီလျံပေါင်း ၃၅၈၀ ကျော်အထိ တိုး၍ ရခဲ့ပြန်သည်။ 

အခွန်ပိုမို ရရှိလာသည်ဟု ဆိုသော်လည်း အများပြည်သူနှင့် နှစ်စဉ်အခွန်ပေးဆောင်သူ ယခင်ခရိုနီအဖြစ် သတ်မှတ်ခံထားရသူ အချို့မှ ပိုမိုပေးဆောင်လာခြင်းကြောင့်သာ ဖြစ်ပြီး ယနေ့အထိ အခွန်မှန်ကန်စွာ မပေးဆောင် သည့် ကုမ္ပဏီများစွာ ကျန်ရှိနေပြီး အဆိုပါ အခွန်ရှောင် ကုမ္ပဏီများကိုပင် ပြန်လည် ကာကွယ် ပေးမှု အချို့ ရှိလာခဲ့သည်။ 

အကာအကွယ်ပေးသည်ဟု ဆိုရာတွင် ဥပမာအားဖြင့် အစိုးရသစ်လက်ထက် ထုတ်ပြန်သည့် ထိပ်တန်း အခွန်ထမ်းစာရင်းတွင် နှစ်စဉ်ပါဝင်ခြင်း မရှိသည့် ရွှေသံလွင်ကို ပြန်ကြားရေးဝန်ကြီးဌာနက ရွှေသံလွင်မှ အခွန်ဆောင်ကြောင်း ကုမ္ပဏီကိုယ်စား မေလ ၃၀ ရက်နေ့က ရှေ့ထွက်ရှင်းလင်းပေးနေခြင်းက သက်သေ တည်လျက် ရှိသည်။ 

ရွှေသံလွင်အပြင် နိုင်ငံ၏ စီးပွားရေးဆိုင်ရာ အဖွဲ့အစည်းတွင် အကြီးဆုံး စီးပွားရေးလုပ်ငန်းအဖွဲ့ဖြစ်သော UMFCCI ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူ ပိုင်ဆိုင်သည့် Dagon International ကုမ္ပဏီနှင့် ဆက်စပ်ကုမ္ပဏီများ အခွန်ပေးဆောင်မှု စာရင်းတွင် နှစ်စဉ်ပါဝင်မလာခြင်း၊ စီမံကိန်းပေါင်းများစွာကို လုပ်ကိုင်ခွင့် အကြိမ်ကြိမ်ရရှိပြီး အင်အားကြီးသော Asia World ကုမ္ပဏီ၏ ကုမ္ပဏီခွဲများ အခွန်ပေးဆောင် သည့် စာရင်းတွင် ပါဝင်မလာခြင်း၊ ရန်ကုန်မြို့ပေါ်တွင် ကွန်ဒို၊ အထပ်မြင့်တိုက်ပေါင်းများစွာ တည်ဆောက်ပြီး မြေကွက်ပေါင်းများစွာ အရောင်းအဝယ် လုပ်နိုင်သော ထိပ်တန်းဆောက်လုပ်ရေး ကုမ္ပဏီများ အစိုးရသစ် လက်ထက် ထုတ်ပြန်သည့် ထိပ်ဆုံးအခွန်ထမ်းစာရင်းတွင် ပါဝင်မလာခြင်းများကို ချပြခြင်းမရှိသည်မှာလည်း တစ်နည်းအားဖြင့် အကာအကွယ်ပေးနေသည်ဟု ဆိုနိုင်သည်။ 

ယခု အခွန်ပေးဆောင်လာမှု အပိုင်းကို ကြည့်လျှင်လည်း ကမ္ဘောဇ၊ မက်စ်မြန်မာ၊ ဧဒင်၊ ထူး၊ ဧရာဟင်္သာ၊ CB ဘဏ်၊ ဧရာရွှေဝါ၊ မြန်မာစီပီကုမ္ပဏီတို့ အပါအဝင် ထိပ်တန်းကုမ္ပဏီအချို့က နှစ်စဉ် အခွန်တိုး၍ ဆောင်ခဲ့ကြ သည်ကို တွေ့ရှိရပြီး ယခုနောက်ပိုင်းတွင်မူ ရွှေတောင်ကဲ့သို့သော အစိုးရနှင့်နီးစပ်သည့် ကုမ္ပဏီအပြင် ယုတ်စွအဆုံး ဦးပိုင်၏ ဖက်စပ်ကုမ္ပဏီများပင် အခွန်ပေးဆောင်ခြင်း ပြုလုပ်လာကြပြီ ဖြစ်သည်။ 

ဦးအောင်ကိုဝင်း၏ ကမ္ဘောဇဘဏ်သည် အစိုးရသစ်လက်ထက် သုံးနှစ်အတွင်း၌ပင် ဘဏ်တစ်ခုတည်း အနေဖြင့် အခွန်ပေးဆောင်ထားမှုမှာ ကျပ်ဘီလျံပေါင်း ၅ဝ နီးပါး ရှိနေပြီဖြစ်ပြီး ကမ္ဘောဇအုပ်စု တစ်ခုလုံးဆို ပါက ကျပ်ဘီလျံရာဖြင့်ချီကာ ပေးဆောင်ထားပြီးဖြစ်သည်။ 

ဦးဇော်ဇော်၏ မက်စ်မြန်မာ ကုမ္ပဏီသည်လည်း အစိုးရသစ်လက်ထက် သုံးနှစ်အတွင်း ကျပ်ဘီလျံ ၃ဝ ဝန်းကျင်အထိ အခွန်ပေးဆောင်ထားပြီး ယင်းပမာဏမှာ သုံးနှစ်အတွင်းဆောင်သည့် ပမာဏသာဖြစ်ပြီး ယခင်နှစ်များကလည်း ကျပ်ဘီလျံပေါင်းများစွာ ပေးဆောင်ခဲ့သည်။ 

ဦးချစ်ခိုင်၏ ဧဒင်အုပ်စု ကုမ္ပဏီလီမိတက် တစ်ခုတည်း အနေဖြင့်လည်း စတင်တည်ထောင်စဉ်မှ ယနေ့အထိ ကျပ် ၁၆ ဘီလျံနီးပါး ပေးဆောင်ထားပြီး ဧဒင်အုပ်စုအောက်ရှိ ကုမ္ပဏီများအားလုံးပေါင်းလျှင် ကျပ်ဘီလျံ ပေါင်း ၁ဝဝ ကျော်အထိ ပေးဆောင်ထားပြီး ဖြစ်သည်။ 

ဦးဇော်ဝင်းရှိန်၏ ဧရာဟင်္သာကုမ္ပဏီနှင့် ဆက်စပ်ကုမ္ပဏီများသည်လည်း ခြောက်နှစ်အတွင်း ကျပ် ၂၅ ဘီလျံကို အခွန်ပေးဆောင်ထားခဲ့ပြီး ဖြစ်သည်။ CB ဘဏ်သည်လည်း အစိုးရသစ်လက်ထက် သုံးနှစ်အတွင်း ကျပ်ရှစ်ဘီလျံကျော်အထိ အခွန်ပေးဆောင်ထားသည်။ 

ဦးအောင်မိုးကျော်၏ IBTC ကုမ္ပဏီသည်လည်း ပုံမှန်နှစ်စဉ် အခွန်ပေးဆောင်လာပြီး ယခင်အခွန်ကြွေးကျန် ကျပ်သန်းပေါင်း ၂၇ဝဝဝ ကို ယခုအခါ အကျေအလည် ပေးသွင်းပြီးဖြစ်သည်အထိ အခွန်ပေးဆောင်မှုနှုန်း မြင့်တက်လာခဲ့ကြသည်။ 

ဦးတိုးနိုင်မန်းနှင့် ဦးအောင်သက်မန်းတို့၏ ဧရာရွှေဝါ၊ ရွှေယမုံ၊ Elite၊ Redlink ကုမ္ပဏီများ အပါအဝင် ပတ်သက်ရာ ကုမ္ပဏီများအတွက် ၁ဝ စုနှစ်တစ်စုအတွင်း အခွန်ပေးဆောင်ထားသည့် ပမာဏမှာလည်း ကျပ် ၂၇ ဘီလျံကျော် ရှိခဲ့သည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။ 

ဦးတေဇ၏ ထူးအုပ်စုမှ အခွန်ပေးဆောင်မှုမှာ ဦးအောင်သက်မန်းနှင့် ဦးတိုးနိုင်မန်းတို့နှစ်ဦးပေါင်း ပေးဆောင်မှုထက် အဆပေါင်းများစွာ များပြားသည်ဟု သိရသည်။ 

ဦးပိုင်၏ လုပ်ငန်းများဖြစ်သော Myanmar Brewery အပါအဝင် ကုမ္ပဏီအချို့သည်လည်း နှစ်စဉ်အခွန်ပေး ဆောင် သည့် စာရင်းတွင် ထိပ်ဆုံးပိုင်း၌ ပါဝင်လာလျက် ရှိသည်အထိ ပါဝင်ပေးဆောင်လာကြပြီ ဖြစ်သည်။ 

ရွှေသံလွင်၊ Dagon International၊ Asia World နှင့် ထိပ်တန်းဆောက်လုပ်ရေး ကုမ္ပဏီတို့မှာမူ အခွန်မှန်ကန်စွာ မပေးဆော င်ဟု ယူဆရသည့် ကုမ္ပဏီများထဲတွင် ထိပ်ဆုံးကုမ္ပဏီများအဖြစ် မှတ်ယူနိုင် သည်။ 

ရွှေသံလွင်ဆိုလျှင် စုံစမ်းသိရှိရသည့် Sky Net အလုံးရေ ၅ဝဝဝဝဝ ဝန်းကျင်အပေါ်၌ပင် တွက်ချက်ကြည့် လျှင် တစ်လုံးလျှင် တင်သွင်းစဉ်က ပျမ်းမျှဒေါ်လာ ၂ဝ ဖြင့် တွက်လျှင် ဒေါ်လာ ၁ဝ သန်းပေါ်တွင် ၅ ရာခိုင်နှုန်းအဖြစ် ဒေါ်လာ ၅ဝဝဝဝဝ (ကျပ်သိန်း ၅ဝဝဝ နီးပါး) ပေးဆောင်ရမည်ဖြစ်သည်။ 

တစ်ရက်လျှင် ပျမ်းမျှ ကျပ်သိန်း ၄ဝဝ တစ်နှစ်ကျပ်သိန်းပေါင်း ၁၄၆ဝဝဝ ဝန်းကျင်အထိ ရရှိသည့် ကြော်ငြာရောင်းချမှုအပေါ် ပေးဆောင်ရမည့် အခွန်၊ စက်တစ်လုံး ပျှမ်းမျှလစဉ်ကြေး ကျပ် ၁ဝဝဝဝ ဖြင့်တွက်လျှင် လစဉ်ကျပ်သိန်းပေါင်း ၅ဝဝဝဝ၊ တစ်နှစ်လစဉ်ကြေးမှ ဝင်ငွေအနည်းဆုံး ကျပ်သိန်းပေါင်း ၆ဝဝဝဝဝ လောက်အပေါ်တွင် ပေးဆောင်ရမည့် အခွန်များပေါင်းလျှင် နှစ်စဉ်အခွန်ငွေ ကျပ်သိန်း ၁ဝဝဝဝဝ အထက် ပေးဆောင်ရမည်ဖြစ်သည်။ 

မြန်မာနိုင်ငံ၏ ထိပ်တန်းအခွန်ထမ်း ၅ဝဝ ဦးစာရင်းတွင် ပါဝင်သည့် ကုမ္ပဏီများမှာ ကျပ်သိန်း ၄ဝဝ မှ ၆ဝဝ ပေးဆောင်ရုံဖြင့် ပါဝင်နိုင်ပါလျက် ၂ဝ၁၂-၂ဝ၁၃ ခုနှစ်က ထုတ်ပြန်သည့် ထိပ်တန်းအခွန်စာရင်းတွင် ကျပ်သိန်းပေါင်း သိန်းဖြင့်ချီပေးသွင်းရမည့် ရွေသံလွင် ပါဝင်မလာခြင်းမှာ မည်သည့်အတွက်ကြောင့် ဆိုသည်ကို စိစစ်သင့်သည်မှာ ထင်ရှားနေသည်။ 

ရွှေသံလွင်ကုမ္ပဏီ အနေဖြင့် စပ်ဆက်ကုမ္ပဏီပေါင်း ၂ဝ ဝန်းကျင်ကို တည်ထောင်လုပ်ကိုင် နေသော်လည်း ကုမ္ပဏီများအားလုံး ဝင်ငွေခွန်ပေးဆောင်သည့် ထိပ်တန်းစာရင်းတွင် ပါဝင်ခဲ့ခြင်း မရှိသည်မှာလည်း အခွန်ပေးဆောင်မှုပိုင်း ပြန်စစ်သင့်သည်။ 

ယင်းအပြင် ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံသည်ဆိုသော် အဆိုပါဒေါ်လာများ၊ ငွေများသည် အခွန်ပေးဆောင်ထားသောငွေများ ဟုတ်မဟုတ် ဆိုသည်ကိုပါ စစ်ဆေးသင့်ပေသည်။ 

မြစ်ဆုံစီမံကိန်းတွင် ပါဝင်ပတ်သက်သည့် Asia World ကုမ္ပဏီ၊ သောက်ရေခပ် (၂) ကဲ့သို့ ရေအားလျှပ်စစ် စီမံကိန်းကို ရရှိထားသော Asia World ကုမ္ပဏီ၏ ကုမ္ပဏီခွဲ၊ တစ်နှစ်သန်း ၄ဝဝဝ နီးပါး ဖြတ်သန်းခ ကောက်ခံရရှိနေသည့် Asia World ကုမ္ပဏီ၏ ကုမ္ပဏီခွဲ အပါအဝင် အခြားသော စီမံကိန်းပေါင်းများစွာ လုပ်ကိုင်နေသည့် Asia World နှင့် ၎င်း၏ ဆက်စပ်ကုမ္ပဏီများ၏ အခွန်ပေးဆောင်မှုမှာလည်း လက်ရှိပေးဆောင်သည့် ပမာဏနှင့် ကိုက်ညီမှုရှိမရှိ စစ်ဆေးသင့်သည်မှာ ထင်ထင်ရှားရှား ဖြစ်နေသည်။ 

တရုတ်ဘက်မှ အမေရိကန်ဒေါ်လာ တစ်ဘီလျံနီးပါး ကုန်ကျထားသည်ဆိုသော မြစ်ဆုံစီမံကိန်းတွင် Asia World ကုမ္ပဏီ၏ ပါဝင်ပတ်သက်မှု၊ မည်မျှရရှိထားမှု၊ မြစ်ဆုံစီမံကိန်း၏ စာချုပ်တို့ကိုလည်း ယခုအထိ ချပြခြင်းမရှိခြင်း၊ ထိုသို့ ချပြခြင်း မရှိသည့်အပြင် တရုတ်ကုမ္ပဏီများနှင့် လုပ်ကိုင်မည့် မဂ္ဂါဝပ် ၁၄ဝဝ အထိထွက်မည့် အထက်သံလွင်(ကွမ်းလုံ)ရေအားလျှပ်စစ် စီမံကိန်းကို Asia World သို့ ထပ်မံလုပ်ခွင့် ပြုခြင်းများမှာလည်း ကာကွယ်ပေးသကဲ့သို့ ဖြစ်နေသည်။ 

မြန်မာနိုင်ငံ၏ အကြီးဆုံး စီးပွားရေးအဖွဲ့အစည်းကြီး၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး သစ်ထုတ် လုပ်ခြင်းလုပ်ငန်းကိုပါ လုပ်ကိုင်လျက်ရှိသည့် Dagon International နှင့် ဆက်စပ်ကုမ္ပဏီများ ထိပ်ဆုံး အခွန်ထမ်းစာရင်းတွင် ပါဝင်လာခြင်း မရှိသည့်အပေါ်၌လည်း အမှန်တကယ် လုပ်ငန်းရှုံး၍လား သို့တည်းမဟုတ် အခွန်ဥပဒေကို လက်တလုံးခြား အသုံးချခြင်းလား ဆိုသည်မှာ စစ်ဆေးသင့်ပြီဖြစ်သည်။ 

ထိပ်တန်းဆောက်လုပ်ရေး ကုမ္ပဏီပေါင်း များစွာသည်လည်း ကျပ်သန်းပေါင်း သိန်းချီသည့် ကွန်ဒိုများ တည်ဆောက်ရောင်းဝယ်ခြင်း၊ မြေကွက်များရောင်းဝယ်ခြင်းတို့ ပြုလုပ်နေသော်လည်း ထိပ်တန်း အခွန်ထမ်းစာရင်းတွင် မပါခြင်းမှာလည်း စစ်ဆေးချပြသင့်သည့် အချက်အဖြစ် ရှိနေသည်။ 

အဆိုပါ ကုမ္ပဏီများကို အခွန်မှန်ကန်စွာ မကောက်ဘဲ နှစ်စဉ်ပုံမှန် အခွန်ထမ်းနေသူများမှသာ ပိုမိုပေးဆောင်လာ ရသည့်အတွက် အခွန်ထမ်း ပြည်သူများကလည်း အခွန်ရှောင် ကုမ္ပဏီများကို အရေးယူမှုမပြုလျှင် ဆက်လက်အခွန်ပေးဆောင်မည် မဟုတ်တော့ဟုပင် ပြောကြားလာခဲ့သည်။ 

မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် စတိုးဆိုင်အသေးလေး ဖွင့်လှစ်ထားသော ဦးကျော်မင်းက “ကျွန်တော်တို့က တစ်ရက်မှ ၂ဝဝဝဝ ဖိုး ၃ဝဝဝဝ ဖိုးလောက်ပဲ ရောင်းရတာ။ ဒါပေမဲ့ ကောက်လိုက်တဲ့အခွန် နှစ်တိုင်း အတိအကျ ဆောင်ရတယ်။ တစ်နိုင်ငံလုံး သိမ်းထားတဲ့သူတွေက မဆောင်ဘူးဆိုရင်တော့ နောက်နှစ် ကျွန်တော်တို့လည်း သူတို့ကို လက်ညှိုးထိုးပြမယ်ဗျာ။ ရမလား ရရင် ကျွန်တော်လည်း မဆောင်ဘူး” ဟု ပြောပြခဲ့သည်။ 

ရန်ကင်းမြို့နယ်အတွင်း စားသောက်ဆိုင် ဖွင့်လှစ်ရောင်းချသူ ကိုကျော်ကျော်ဦးက “ကုန်သွယ်လုပ်ငန်း ခွန်ဆိုတာ ကျွန်တော်တို့ မဖြစ်မနေ ဆောင်နေတာ။ ပြည်တွင်းအခွန်ကချတဲ့ အခွန်တွေအပြင် မီတာခကလည်းတက် ရေခွန်၊ အမှိုက်ခွန်ကအစ ထမ်းထားရတာ။ ပြည်သူတွေကသာ အတတ်နိုင်ဆုံး မနိုင်ဝန်ထမ်းပြီး အခွန်ဆောင်နေတာ အဲဒီလို လူတွေကျတော့ ဘယ်သူက စစ်ရဲလဲ။ မမျှတတာများ လာတော့ ဆောင်ကိုမဆောင်ချင်တော့ဘူး” ဟု ပြောပြခဲ့သည်။ 

အခွန်အငြိမ်းစား ဝန်ထမ်းတစ်ဦးက “ရွှေသံလွင်သတင်းတွေ ဖတ်ရပါတယ်။ ကုန်သွယ်လုပ်ငန်းခွန်ကိုတော့ သူတို့မဖြစ်မနေ ပေးရမှာပါ။ ကုမ္ပဏီတစ်ခုက အခွန်ကို တမင်ရှောင်တိမ်းချင်တယ်လို့ ယူဆရရင် အဲဒီကုမ္ပဏီတွေကို ဝင်ငွေခွန် ဥပဒေအရရော၊ ကုန်သွယ်ခွန်အရရော ပြန်စစ်လို့ရတယ်။ ပြန်ကောက်လို့ ရတယ်လို့ ဥပဒေမှာ အတိအကျ ဖော်ပြထားပြီးသား။ ပြန်စစ်ရင် သိမှာပါ။ ပုံမှန်အခွန်ထမ်းက အခွန်ဆောင်ပြီး ရှောင်တိမ်းချင်တဲ့သူက ရှောင်နေတယ်ဆိုတာ ဘယ်အပေါ်မှာ သက်ရောက်သလဲဆိုရင် အခုအခွန်ရရှိမှုနှုန်း ဆက်တိုက်တက်နေတာကို ထိခိုက်သွားမယ်။ အဓိက အရေးကြီးဆုံး အပိုင်းက အခွန်ရှောင်တယ်လို့ ယူဆရတဲ့ လူသိများတဲ့ ကုမ္ပဏီတွေကို နမူနာအဖြစ် အရေးယူပြဖို့ လိုတယ်။ ဒဏ်ရိုက်ပြဖို့ လိုတယ်။ ပြီးရင် ပြည်သူကို ချပြဖို့လိုတယ်။ ဒီလို မလုပ်ပြဘူးဆိုရင် ပြည်သူကလည်း မှန်မှန်ကန်ကန် ဆောင်ချင်စိတ် ကုန်သွားလိမ့်မယ်” ဟု ပြောပြခဲ့သည်။ 

“ရွှေသံလွင်မီဒီယာရဲ့ ဝင်ငွေက ကျွန်တော်တို့ထက် အဆပေါင်း ဆယ်ရာချီများတယ်ဆိုတာ လူတိုင်း သိပါတယ်။ ကျွန်တော်တို့ ကျပ် သိန်း ၃ဝဝဝ နီးပါး အခွန်ဆောင်နေတဲ့အချိန် ရွှေသံလွင်က ကျပ်သိန်း ၃ဝဝဝ ပဲ ကြိုတင်ခွန်ဆောင်ထားတယ်။ လွှတ်တော်အပါအဝင် အထူးစုံစမ်းရေးအဖွဲ့ဖွဲ့ပြီး စစ်ဆေးသင့်တယ်။ အကယ်၍ မစစ်ဆေးဘူးဆိုရင် (၁) နိုင်ငံတော်သမ္မတရုံးက အဂတိလိုက်စားထားတာလား (၂) ပြန်ကြားရေးဝန်ကြီးဌာနက အဂတိလိုက်စားထားတာလား (၃) ဘဏ္ဍာအခွန်က အဂတိမကင်းတာလား (၄) ပြည်ထဲရေးက အဂတိမကင်းတာလား (၅) အခွန်စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့ အဂတိမကင်းတာလား။ ကျွန်တော်တို့ မေးချင်ပါတယ်။ ပြည်သူတွေ လိုလိုလားလား ပေးဆောင်နေတဲ့အချိန် သူတို့တွေက တိတိကျကျ မဆောင်ဘူးဆိုရင် ပြည်သူတွေက အခွန်ပေးဆောင်မှုကို သပိတ်မှောက်ကြလိမ့်မယ်” ဟု The Daily Eleven သတင်းစာ၏ အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောကြားခဲ့သည်။ 

အခွန်တိမ်းရှောင်မှု အပါအဝင် ငွေကြေးခဝါချမှုများကို တိုက်ဖျက်ရန်အတွက် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေကို ၂ဝ၁၄ ခုနှစ် မတ် လ ၁၄ ရက်တွင် ပြည်ထောင်စုလွှတ်တော်က ပြ|ာန်းခဲ့ပြီးဖြစ် သည်။ 

ယင်းဥပဒေ၏ အခန်း (၃) ဥပဒေနှင့် သက်ဆိုင်သော ပြစ်မှုများ၊ ပုဒ်မ ၅ (င) တွင် အခွန်တိမ်းရှောင်မှုနှင့် အခြားခွန်ဆိုင်ရာ မှုခင်းများနှင့် သက်ဆိုင်သည့် ပြစ်မှုများဟူ၍ အခွန်ရှောင်မှုကို ပြစ်မှုအဖြစ် ထည့်သွင်းပြဌာန်းထားသည်။ 

ဥပဒေ၏ အခန်း(၁၁)ပြစ်မှုနှင့် ပြစ်ဒဏ်များ အခန်းတွင် ပုဒ်မ ၄၃ မည်သူမဆို ငွေကြေးခဝါချမှုကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ဆယ်နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်၊ ပြစ်မှုကျူးလွန်သူသည် ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းဖြစ်ပါက ယင်းကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းကို ကျပ်သန်းငါးရာထိ ငွေဒဏ်ချမှတ်ရမည်။ အကျိုးခံစားခွင့်ရှိသူ ပိုင်ရှင်အား ထောင်ဒဏ်ခုနစ်နှစ်အထိ ချမှတ်ရမည်။ ထို့ပြင် ပုဒ်မ ၅၂ တွင် တရားရုံးသည် (က) ဤဥပဒေပါ ပြစ်မှုတစ်ခုခုဖြင့် ပြစ်ဒဏ်ချမှတ်လျှင် အမှုနှင့်သက်ဆိုင်သည့် သက်သေခံပစ္စည်းနှင့် ငွေကြေးကို နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းယူခြင်း သို့မဟုတ် သတ်မှတ်ချက်များနှင့်အညီ စီမံခန့်ခွဲခြင်းပြုသည့်အမိန့် ချမှတ်ရမည်ဟုလည်း ပါဝင်သည်။ 

မြန်မာနိုင်ငံတွင် လေးနှစ်အတွင်း ဘတ်ဂျက်လိုငွေပြမှုမှာ ကျပ်ဘီလျံပေါင်း ၉၈ဝဝ ကျော်အထိ ရှိနေသည့်ကြား တွင် ပုံမှန်အခွန်ဆောင်သူကဆောင်၊ ဦးပိုင်ကဲ့သို့သော အဖွဲ့အစည်းကပင် အခွန်ပေး လာသည့် အနေအထား၌ ယခုကဲ့သို့ အခွန်တိမ်းရှောင်နိုင်သည်ဟု ယူဆရသူများကို စိစစ်မှုမရှိ၊ အများပြည် သို့ ချပြမှုမရှိလျှင် နောင်တွင် မည်သူမျှအခွန်ကို ပေးဆောင်လိုစိတ် ရှိတော့မည် မဟုတ်ပေ။

Eleven Media Group 

No comments:

Post a Comment