Monday 2 June 2014

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်အရေး မောင်တော၌ ဇွန် ၅ ရက်တွင် ဆွေးနွေးမည်

ရခိုင်ပြည် နယ်ခြားစောင့်အဖွဲ့နှင့် ဘင်္ဂလားဒေရှ့်နိုင်ငံဘက်မှ တပ်ဖွဲ့တို့ ဖြစ်ပွားခဲ့သော ပြဿနာများအရေး နှစ်နိုင်ငံနယ်စပ်တာဝန်ရှိသူများသည် မေ ၅ရက် ရခိုင်ပြည်နယ် မောင်တောမြို့ဒေ၀ါနဒီခန်းမတွင် တွေ့ဆုံ ဆွေးနွေးကြမည်ဟု မောင်တောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြည်စန်းက ဇွန် ၁ ရက်တွင် မဇ္ဈိမကို ပြောသည်။ 

“နှစ်နိုင်ငံဆွေးနွေးမှုက တစ်နှစ်ကို နှစ်ခါလောက်လုပ်ပါတယ်။ အခုဟာက ပြဿနာတွေဖြစ်တဲ့အပေါ် အဓိကထား ဆွေးနွေးကြမယ်လို့ ထင်ပါတယ်။ ဆွေးနွေးမှုမှာတော့ သက်ဆိုင်ရာနယ်မြေတာ ၀န်ခံတွေ လောက်ပဲ တက်ရောက်မယ်လို့ ကြားသိရပါတယ်”ဟု ဦးကြည်စန်းက ပြောသည်။ 

မောင်တော ကုန်သွယ်မှုအခြေအနေ
မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းတွင် နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်မှုများ ရပ်တန့်ခြင်းမရှိဘဲ တင်းမာမှုများ ပိုမိုဆိုးရွားလာမည်ကို စိုးရိမ်လျက်ရှိသည်ဟု မောင်တောကုန်သွယ်ရေးအသင်းဥက္ကဋ္ဌ ဦးအောင်မြင့်သိန်း က ပြောသည်။ 

“ပစ်ခတ်မှုတွေဖြစ်ခဲ့တာက ကုန်သွယ်ရေးစခန်းနဲ့ မိုင်လေးဆယ်လောက်ဝေးတဲ့ နေရာမှာပါ။ ကုန်သွယ်မှု ကတော့ လုပ်နေကြပါတယ်။ အခြေအနေတွေ ပိုမိုတင်းမာလာမယ်ဆိုရင်လည်း ဘင်္ဂလားဒေ့ရှ်ဘက်ကပဲ ထိခိုက်မှု ပိုပြီးများနိုင်ပါတယ်”ဟု ဆိုသည်။ 

မောင်တောနယ်စပ်ခြံစည်းရိုး အခြေအနေမှာမူ လောလောဆယ်တည်ငြိမ်လျက်ရှိသည်ဟု မောင်တော နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကွပ်ကဲမှုဌာနချုပ်မှ ဒု-ရဲအုပ် အောင်မြင့်စိုးက ပြောသည်။ လတ်တလောအခြေ အနေအရ မောင်တောနယ်စပ်ခြံစည်းရိုးကို နယ်မြေ စခန်း ၁၀ ခုဖြင့် လုံခြုံရေးရယူထားသည်။ 

ယင်းခြံစည်းရိုးနှင့် အနီးဆုံး နှစ်မိုင်အကွာတွင် မြို၊ သက်၊ ခမီ စသည့် ရခိုင်တိုင်းရင်းသားများ နေထိုင်သော ကျေးရွာများနှင့် ဘင်္ဂါလီ လူမျိုးစုများနေထိုင်သည့် ကျေးရွာများရှိသည်။ 

နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲမှုဌာနချုပ်မှ ဒု-ရဲအုပ်အောင်မြင့်စိုးက “လုံခြုံရေးကိုတော့ အင်အားတိုးမြှင့် ထားတယ်၊ အခြေအနေတော့ တည်ငြိမ်နေပါတယ်”ဟု ဆိုသည်။ နယ်စပ်ခြံစည်းရိုးနှင့် အနီးဆုံးကျေးရွာ များကို မဇ္ဈိမက ဆက်သွယ်ခဲ့သော်လည်း မရခဲ့ပေ။

“ကောလာဟလ သတင်းတွေပဲ ပျံ့နေတယ်။ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ တိုက်တာလို့လဲ ပြောတယ်၊ သောင်း ကျန်းသူ အဖွဲ့ တစ်ဖွဲ့လို့လဲ ပြောတယ်”ဟု မောင်တောမြို့မှ ဦးလှသိန်းက ပြောသည်။ 

ထို့ပြင် မောင်တောကုန်သည်ကြီးများအသင်းမှ ဦးစိုးထွန်းက “ဒီဘက်နဲ့ မိုင် ၅၀ ကျော်ဝေးတဲ့အတွက် မြို့ပေါ်မှာ တော့ တည်တည်ငြိမ်ငြိမ်ပဲ” ဟု ဆိုသည်။ 

မောင်တောနယ်စပ်တွင် မေ ၂၈ ရက် နံနက်ပိုင်းက အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုနှင့် ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ် ခြံစည်းရိုး မိုင်တိုင် ၅၂ အနီးတွင် တိုက်ခိုက်မှု ဖြစ်ပေါ်ခဲ့သည်။ အဆိုပါ ပစ်ခတ်မှုသည် ယခုလအတွင်း တတိယအကြိမ် ပစ်ခတ်မှု ဖြစ်ပွားခြင်းဖြစ်ပြီး အစိုးရ၏ ထုတ်ပြန်ချက်အရ နှစ်ဖက်အဖွဲ့မှ တပ်သား ခုနစ်ဦး သေဆုံးခဲ့သည်။

Mizzima - News in Burmese 

No comments:

Post a Comment