Monday 2 June 2014

မန္တလေးမြို့ အမျိုးသား ကဇာတ်ရုံတွင် အလင်္ကာကျော်စွာ ရွှေမန်းတင်မောင် ကြေးရုပ်ထားရှိမည်

မြန်မာ့ဇာတ်သဘင် လောကတွင် နာမည်ကျော် ထင်ရှားခဲ့သော အလင်္ကာ ကျော်စွာဆု တံဆိပ် ချီးမြှင့်ခြင်းခံ ခဲ့ရသည့် အလင်္ကာ ကျော်စွာ ရွှေမန်း ဦးတင်မောင်၏ အထိမ်းအမှတ် ကြေးရုပ်တုကို မန္တလေးမြို့ အမျိုးသား ကဇာတ်ရုံ၌ ထားရှိမည် ဖြစ်သည်။ 

အဆိုပါ ကြေးရုပ် ထားရှိခြင်း အခမ်းအနားအား လာမည့် ဇွန်လ (၇) ရက်နေ့တွင် ရွှေမန်းသဘင် မိသားစု များနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် လာရောက် ဖွင့်လှစ်မည် ဖြစ်ကြောင်း မန္တလေးမြို့ Oriental House တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ရွှေမန်း သဘင် မိသားစုက မီဒီယာများသို့ ပြောသည်။ 

ဒုတိယ ကမ္ဘာစစ်အပြီး မှာ လူထု ဒေါ်အမာရဲ့ အဆိုအရ အလင်္ကာကျော်စွာ ရွှေမန်း တင်မောင်ဟာ နံပါတ်တစ် မင်းသား ဖြစ်တယ်။ အလင်္ကာကျော်စွာ ရွှေမန်းတင်မောင်ဟာ မန္တလေးမှာမွေးတဲ့ မန္တလေးသား စစ်စစ် လည်းဖြစ်တယ်။ သူ့အတွက် အထိမ်းအမှတ် ကြေးရုပ်ကို မန္တလေးမှာ ဒီထက်တောင် စောပြီးတော့ ထားခဲ့ဖို့ ကောင်းတာပါ ဟု မန္တလေး ဒေသခံ စာရေး ဆရာစိုးနိုင် (မန်း တက္ကသိုလ်) က ပြောသည်။ 

အလင်္ကာကျော်စွာ ရွှေမန်းတင်မောင်၏ အထိမ်းအမှတ် ကြေးရုပ်ကို ၎င်း ကွယ်လွန် ပြီးနောက် (၄၅) နှစ်ကြာမှ ထားရှိခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။ ရွှေမန်းတင်မောင်သည် သဘင် ပညာ သက်တမ်း (၃၆) နှစ် ရှိပြီး၊ အသက် (၅၁) နှစ် အရွယ်တွင် ကွယ်လွန် ခဲ့ကြောင်း ၎င်း က ထပ်မံ ပြော ကြားသည်။ 

အဆိုပါ ကြေးရုပ်ထားရှိခြင်း အထိမ်းအမှတ် အဖြစ် ဇွန်လ (၇)ရက်နေ့တွင် မန္တလေးမြို့ အမျိုးသား ကဇာတ်ရုံ တွင် ရွှေမန်းသဘင် မိသားစုမှ အခမဲ့ ကပြ ဖျော်ဖြေ တင်ဆက်မှု ပြုလုပ် မည်ဖြစ်သည်။၊ အခမဲ့ တင်ဆက် ကပြ မှုကို ကြည့်ရှုလိုသူများ အနေဖြင့် အမျိုးသား ကဇာတ်ရုံတွင် ဇွန်လ(၄) ရက်နေ့မှ စတင်ကာ လက်မှတ် များ ရယူနိုင်ကြောင်း ရွှေမန်းသဘင် မိသားစုမှ သိရသည်။ 

အလင်္ကာကျော်စွာ ရွှေမန်းတင်မောင်ရဲ့ ကြေးရုပ်ကို ထားရှိခွင့် ရရှိတာဟာ အင်မတန် ဂုဏ်ယူစရာ ကိစ္စပါ။ နောင်လာ နောက်သား တွေကို ဒီရုပ်တုကို လိုက်ပို့ကြရင်း ကြည့်ရှု ကြရင်းနဲ့ ဒီရုပ်တုရဲ့ နောက်မှာ သဘင်ပညာ သမိုင်းကြောင်းတွေ ရှိနေတယ် ဆိုတာ သိကြရမှာပါ ဟု မန္တလေးမြို့ ဒေသခံစာရေးဆရာ ညီပုလေးက ပြောသည်။ ယင်းကဲ့သို့ အထိမ်းအမှတ်ကြေးရုပ် ထားရှိခြင်းအပြင် အထိမ်းအမှတ်ပြခန်း ကိုလည်း ဖွင့်လှစ်ပြသ နိုင်ရန် ကြိုးပမ်း သွားမည် ဖြစ်ကြောင်း အလင်္ကာကျော်စွာ ရွှေမန်းတင်မောင် ၏ မျိုးဆက်ဖြစ်သူ ဦးချမ်းသာက ပြောသည်။ 

အလင်္ကာကျော်စွာရွှေမန်းတင်မောင်၏ ကြေးရုပ်သည် အမြင့် (၆)ပေ၊ ကြေးပိဿာချိန် (၄၅၀) ဖြင့် သွန်းထုထားပြီး၊ မန္တလေးမြို့ အမျိုးသား ကဇာတ်ရုံ၏ မြောက်ဘက် လှေကား အဆင်းတွင် ထားရှိမည်ဖြစ်ကြောင်း အလင်္ကာကျော်စွာ ရွှေမန်းတင်မောင်ကြေးရုပ် ဖြစ်မြောက်ရေး တာဝန်ခံ ဦးအေးဆွေ က ပြောသည်။

Messenger News Journal

No comments:

Post a Comment