Saturday 14 June 2014

မျိုးစောင့်ဥပဒေ ကန့်ကွက်သူများ ခြိမ်းခြောက်ခံရမှု လွှတ်တော်တင်မည်

မျိုးစောင့်ဥပဒေ ကန့်ကွက်သော အရပ်ဘက် လူ့အဖွဲ့အစည်းများ ခြိမ်းခြောက်ခံနေရခြင်းကို တရာဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ၏ နှစ်ပတ်လည် အစီရင်ခံစာအတွင်း ထည့်သွင်းရေးသားပြီး ပြည်သူ့လွှတ်တော်သို့ တင်သွင်းမည် ဖြစ်ကြောင်း အဆိုပါ ကော်မတီဝင် ဦးဝင်းမြင့်က ပြောကြားသည်။ 

မေလ ၁၁ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီနှင့် မျိုးစောင့်ဥပဒေ ကန့်ကွက်သော အရပ်ဘက် လူ့အဖွဲ့အစည်းများ တွေ့ဆုံ ဆွေးနွေးအပြီး ယင်းသို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ဖုန်းနဲ့ဖြစ်စေ၊ စာနဲ့ဖြစ်စေ ခြိမ်းခြောက်ခံနေရတာတွေ ရှိနေတဲ့အတွက် တရားဥပဒေစိုးမိုးမှု မပျက်ပြား အောင် အစီရင်ခံစာအတွင်း ထည့်သွင်းဖို့ ဥက္ကဋ္ဌ (ဒေါ်အောင်ဆန်းစုကြည်) က ပြောတာပါ” ဟု ၎င်းကဆို သည်။

အဆိုပါ ခြိမ်းခြောက်မှုများတွင် လူ့အခွင့်အရေးနှင့် ပတ်သက်သော မေးခွန်းများကို ဖုန်းဖြင့် မေးမြန်းခြင်း အသက်အန္တရာယ် ခြိမ်းခြောက်မှုများနှင့် လိင်ပိုင်းဆိုင်ရာ ဓာတ်ပုံများကို မက်ဆေ့ခ်ျများ ပေးပို့ခြင်းတို့ကို လုပ်ဆောင်လာကြောင်း အရပ်ဘက် လူ့အဖွဲ့အစည်းများထံမှ သိရသည်။

“ကန့်ကွက်စာ ထုတ်ပြန်ပြီးကတည်းက အမည်မသိ ဖုန်းတွေကနေပြီးတော့ နေ့စဉ် ဆိုသလို ခြိမ်းခြောက် မှုတွေ လုပ်တယ်။ နောက်ဆုံး သတ်မယ်ဖြတ်မယ်အထိ ပြောဆိုလာကြတော့ တချို့ဆိုရင် ဖုန်းပိတ်ထားရတဲ့ အထိပဲ” ဟု လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ဒေါ်သင်းသင်းအောင်က ပြောကြားသည်။ 

တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီက တရားဥပဒေစိုးမိုးရေး နှစ်ပတ်လည် အစီရင် ခံစာကို ၂၀၁၃ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့ပြီး အဆိုပါ အစီရင်ခံစာအတွင်း ဥပဒေ အားနည်းချက်များကြောင့် ပြည်သူများ နစ်နာနေကြောင်း၊ လယ်ယာမြေများ ဥပဒေမဲ့ အသိမ်းခံရသည့်အပြင် လယ်ပိုင်ရှင်များကို ကျူးကျော်မှုနှင့် ထပ်မံတရားစွဲခြင်းများ ရှိကြောင်း၊ တရားရေး ဝန်ထမ်းများ အဂတိလိုက်စားမှုများ ရှိကြောင်း ထည့်သွင်း ဖော်ပြထားသည်။ 

အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့က တိုက်တွန်း တောင်းဆိုမှုကြောင့် ၂၀၁၄ ခုနှစ် ဖေဖော် ဝါရီလ အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ကိုးကွယ်ခြင်း၊ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ၊ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေနှင့် လူဦးရေ တိုးပွား နှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေများကို ပြဋ္ဌာန်းပေးရေး သုံးသပ်စဉ်းစားပေးရန် ပြည်ထောင်စု လွှတ်တော် နာယကထံ သဝဏ်လွှာ ပေးပို့ခဲ့သည်။ 

ယင်းသို့ မျိုးစောင့်ဥပဒေကို ကော်မရှင်များ ဖွဲ့စည်းကာ ရေးဆွဲနေခြင်းကို အရပ်ဘက် လူမှုအဖွဲ့အစည်း ၁၁၀ က ကန့်ကွက်ကြောင်းနှင့် မျိုးစောင့်ဥပဒေ ရေးဆွဲရာတွင် အမျိုးသမီးများ အခွင့်အရေးကို ချိုးဖောက်မှု နည်းပါးစေရန်အတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း၊ နိုင်ငံတော် သံဃမဟာနာယကနှင့် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီတို့နှင့် တွေ့ဆုံ ရန် တောင်းဆိုသွားမည် ဖြစ်ကြောင်း အရပ်ဘက် လူ့အဖွဲ့အစည်း ၁၁၀ က ထုတ်ပြန် ပြောကြား ထားသည်။ 

The Voice Weekly  

No comments:

Post a Comment