Saturday 14 June 2014

မြေအပ်ဝရမ်းကြောင့် သင်္ဃန်းကျွန်းရှိ ပိုင်ဆိုင်မှု အငြင်းပွားမြေကို ရဲ ၁၀၀ ကျော် လုံခြုံရေးယူ

Photo: မြေအပ်ဝရမ်းကြောင့် သင်္ဃန်းကျွန်းရှိ ပိုင်ဆိုင်မှု အငြင်းပွားမြေကို ရဲ ၁၀၀ ကျော် လုံခြုံရေးယူ
Saturday, June 14, 2014

သင်္ဃန်းကျွန်းမြို့နယ်၊ ဇ/မြောက် ရပ်ကွက်၊ သရက်တောလမ်း၊ မြေတိုင်းရပ်ကွက် အမှတ် (၂၆) တွင် လူဦးရေ သုံးရာခန့် နေထိုင်လျက်ရှိသော အငြင်းပွားနေသည့် မြေနေရာကို ဇွန်လ ၁၃ ရက် နံနက် ၁၁ နာရီက တရားနိုင်ဖြစ်သူထံ နောက်ဆုံးထား ပြန်လည်အပ်နှံရန် မြို့နယ်တရားရုံးက မြေအပ်ဝရမ်း ထုတ်ပြန်ခဲ့သောကြောင့် ရဲအင်အား တစ်ရာကျော်က ယင်းမြေကွက်တွင် လုံခြုံရေး ယူထားခြင်း ဖြစ်ကြောင်း သင်္ဃန်းကျွန်းမြို့နယ် ရဲမှူးသက်ထွန်းက ပြောကြားသည်။ 

“တရားရုံးရဲ့ အပ်ဝရမ်းအရ ရဲတပ်ဖွဲ့က လုံခြုံရေး ဆောင်ရွက်ပေးရတာပါ။ မြေကွက်ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး နှစ်ဦးနှစ်ဖက် စကားများ ခိုက်ရန်ဖြစ်စေနိုင်မယ့် မလိုလားအပ်တဲ့ ပဋိပက္ခတွေ မဖြစ်ပွားစေချင်ဘူး။ ဥပဒေအတိုင်း ရင်ဆိုင် ဖြေရှင်းစေချင်တယ်” ဟု ၎င်းကဆိုသည်။ 

အဆိုပါ မြေပိုင်ဆိုင်မှု အငြင်းပွားနေသော မြေတိုင်းရပ်ကွက် အမှတ် (၂၆)၊ မြေကွက်ဧရိယာ ၀ ဒသမ ၇၆၂ ဧကရှိ ခြံမြေကွက်တွင် နှစ်ပေါင်း ၇၀ ကျော် နေထိုင်ခဲ့သူများ ဖြစ်ပြီး ယင်းမြေကွက်ကို တရားနိုင်ထံ ပြန်အပ်ရန် မြေအပ်ဝရမ်းကို တတိယအကြိမ်မြောက် ထုတ်ပြန်ခဲ့သောကြောင့် တရားနိုင်နှင့် လက်ရှိ မြေကွက်တွင် နေထိုင်သူများ ပဋိပက္ခများ မဖြစ်ပွားစေရန် ရဲတပ်ဖွဲ့က လုံခြုံရေး လာရောက် ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

မြေအပ်ဝရမ်း ထုတ်ပြန်ထားသည့် အဆိုပါ မြေကွက်သည် ၁၉၈၄ ခုနှစ်မှ စတင်ကာ မြေပိုင်ဆိုင်မှု အငြင်းပွားခဲ့သည့် မြေကွက်ဖြစ်ပြီး ယင်းမြေကွက်အတွင်း အိမ်ခြေပေါင်း ၆၀ ကျော်၊ လူဦးရေ ၃၀၀ ကျော်ခန့် နေထိုင်လျက်ရှိကြောင်း၊ မြို့နယ်တရားရုံးက မြေအပ်ဝရမ်းကို ယခုနှစ် ဧပြီလနှင့် မေလတို့တွင် နှစ်ကြိမ် ထုတ်ပြန်ခဲ့ကြောင်း၊ သို့သော် သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်နှင့် မကွေးဆရာတော် ဦးပါမောက္ခတို့၏ ဆိုင်းငံ့ပေးရန် မေတ္တာရပ်ခံမှုကြောင့် ယခု တတိယအကြိမ်မြောက် မြေအပ်ဝရမ်း ထုတ်ပြန်ကာ လက်ရှိ နေထိုင်သူများကို ရှင်းလင်းဖယ်ရှားရန် ထပ်မံဆောင်ရွက်ခြင်း ဖြစ်ကြောင်း ယင်းမြေကွက်တွင် နှစ်ပေါင်း ၇၀ ခန့် နေထိုင်ခဲ့သူ ဦးအောင်သူဝင်းက ပြောကြားသည်။ 

“မကွေးဆရာတော်ကြီးက မေလ ၂၃ ရက်နေ့က နေအိမ်တွေ ဖယ်ရှားခိုင်းတာကို အချိန်တစ်လ ဆိုင်းငံ့ပေးဖို့ မေတ္တာရပ်ခံခဲ့တယ်။ အခု ရက် ၂၀ ပဲ ရှိသေးတယ်။ အပ်ဝရမ်း ထပ်ထုတ်ပြီး ဖယ်ရှားဖို့ ရဲတွေပါ ခေါ်လာတယ်။ ဆယ်ရက်ဆိုတဲ့ အချိန်က ကျွန်တော်တို့အတွက် ဥပဒေအတိုင်း ကြိုးစားခွင့် အချိန်ရှိသေးတယ်။ အပ်ဝရမ်းထုတ်ပြီး ဘယ်နေ့ ထပ်လာဖယ်ခံရမလဲ တွေးပြီး လူတွေလည်း အိပ်မရ၊ စားမရ၊ စီးပွားရေးလည်း လုပ်ရတာ စိတ်မဖြောင့်ရ ဖြစ်နေရတယ်” ဟု ၎င်းကဆိုသည်။ 

အဆိုပါ မြေကွက်ကို အပ်ဝရမ်းဖြင့် လာရောက် ဖယ်ရှားခိုင်းစဉ် ယင်းမြေကွက်တွင် နေထိုင်သူများက လမ်းဝင်ပေါက်များကို ပိတ်ဆို့ထားပြီး မဖယ်ရှားပေးနိုင်ကြောင်း၊ ဥပဒေအတိုင်း ဆက်လက် ရင်ဆိုင်သွားမည် ဖြစ်ကြောင်း လုံခြုံရေး လာရောက် ဆောင်ရွက်ပေးသည့် ရဲတပ်ဖွဲ့မှ အရာရှိများနှင့် အချိန်တစ်နာရီကျော်ခန့် ဆွေးနွေးခဲ့ပြီးနောက် မွန်းတည့် ၁၂ နာရီ ၁၀ မိနစ်တွင် ရဲတပ်ဖွဲ့က ပြန်လည် ထွက်ခွာသွားကြောင်း ယင်းမြေကွက်တွင် နေထိုင်သူများက ပြောကြားသည်။

“တရားရုံးက ထုတ်ပြန်ပေးတဲ့ မြေအပ်ဝရမ်းအတိုင်း ကိုယ်ပိုင်ဆိုင်ထားတဲ့ မြေကွက်ကို ပြန်ပေးအပ်ဖို့ ဥပဒေအတိုင်း ဆောင်ရွက်တာ။ ဒါကို လက်မခံတာကြောင့် အပ်ဝရမ်း ထပ်ထုတ်ပြီး ဖယ်ရှားပေးဖို့ ဆက်လက် ဆောင်ရွက်သွားမယ်” ဟု ယင်းမြေပိုင်ဆိုင်မှု၏ တရားနိုင်ဖြစ်သူ ဦးသန့်ဇင်က ပြောသည်။

မြေအပ်ဝရမ်း ထုတ်ပြန်ခံရသော အဆိုပါ မြေကွက်တွင် နေထိုင်နေသူများမှာ ပိုင်ဆိုင်မှု မြေဂရန် မရှိသော်လည်း အိမ်အရောင်းအဝယ် စာချုပ်များနှင့် သန်းခေါင်စာရင်းများ ရှိပြီး မီးခွန်၊ ရေခွန်များကို ပေးဆောင်ကာ နှစ်ပေါင်းများစွာ နေထိုင်ကြသူများ ဖြစ်ကြောင်း ယင်းမြေကွက်တွင် နေထိုင်သူများက ရှင်းပြသည်။

“အပ်ဝရမ်းနဲ့ လာဖယ်ခိုင်းတာကို လက်မခံတာကြောင့် တရားသူကြီးထံ တင်ပြပြီး တရားသူကြီးရဲ့ အမိန့်နဲ့ ရဲတပ်ဖွဲ့ကို ပြန်လည် ရုပ်သိမ်းခဲ့တာပါ။ အနိုင်ဒီကရီ မပျက်မချင်း အပ်ဝရမ်းထုတ်ပြီး ဖယ်ရှားပေးဖို့ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု သင်္ဃန်းကျွန်းမြို့နယ် ဘိလစ်စာရေး ဒေါ်နိုင်နိုင်အောင်က ပြောဆိုသည်။

The Voice Weekly

No comments:

Post a Comment