Saturday 14 June 2014

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသူများအား ဂုဏ်ပြုဆု ချီးမြှင့်ခြင်းအခမ်းအနားနှင့်အခြေခံပညာမူလတန်းကျောင်း နှစ်ထပ်ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားတို့သို့ တက်ရောက်အားပေး

နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ် ၂၀၁၃-၂၀၁၄ ပညာ သင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဂုဏ်ထူး ရရှိအောင် သင်ကြားပေးသည့် ဆရာ၊ ဆရာမများအား စတုတ္ထအကြိမ် ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီတွင် ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စု လွှတ်တော် နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း တက်ရောက်အားပေးသည်။

အခမ်းအနားတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မောင်မောင်အေး၊ နေပြည်တော် ကောင်စီဝင် ဒေါက်တာပိုင်စိုး၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်ချုပ်တင်အောင်ချစ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးခင်မောင်ဌေး၊ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ထွန်းနှင့် တာဝန်ရှိသူများက (၅)ဘာသာဂုဏ်ထူး ရရှိသူ(၃)ဦး၊ (၄)ဘာသာဂုဏ်ထူးရရှိသူ(၄)ဦး၊ (၃)ဘာသာဂုဏ်ထူး ရရှိသူ(၄)ဦး၊ (၂)ဘာသာ ဂုဏ်ထူးရရှိသူ(၆)ဦး၊ (၁)ဘာသာဂုဏ်ထူးရရှိသူ(၃၃)ဦး၊ ဂုဏ်ထူးရရှိအောင် သင်ကြား ပေးသည့် ဆရာ၊ ဆရာမများနှင့် စာမေးပွဲအောင် မြင်သူများအား ဂုဏ်ပြုလက်မှတ်နှင့် ဆုငွေများ ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ဇေယျာသီရိမြို့နယ်မှ အခြေခံပညာအထက်တန်းကျောင်းအုပ်ကြီးများကိုယ်စား ရေဆင်း အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းအေးက အခြေခံပညာအထက်တန်း အဆင့် အောင်မြင်မှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။ 

ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယကက အမှာစကားပြောကြားသည်။ အလားတူ နံနက်(၇)နာရီခွဲတွင် ရွှေတောင်ဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီလီမိတက်မှ ဆောက်လုပ်လှူဒါန်းသည့် နေပြည်တော်ကောင်စီ နယ်မြေ ဇေယျာသီရိမြို့နယ် ကျည်တောင်အုပ်စု မွန်းတည့်ခွန်ကျေးရွာရှိ အမှတ်(၁၃၁) အခြေခံ ပညာမူလတန်း ကျောင်းနှစ်ထပ်ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို အဆိုပါ ကျောင်းဝင်း အတွင်းကျင်းပရာ ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း တက်ရောက်အားပေးသည်။ 

အခမ်းအနားတွင် ရွှေတောင်ဖွံ့ဖြိုးမှုကုမ္ပဏီ ဒုတိယအမှုဆောင်အရာရှိချုပ် ဦးရဲမြင့်က ကျောင်းဆောင် သစ်ဆောက်လုပ်လှူဒါန်းမှုနှင့်စပ်လျဉ်းသည့် အချက်အလက်များကို ရှင်းလင်းတင်ပြပြီး ကျောင်းဆောင်သစ် တည်ဆောက်မှုဆိုင်ရာ စာရွက်စာတမ်းများကို ဒုတိယမြို့နယ်ပညာရေးမှူးထံ လွှဲပြောင်းပေးအပ်သည်။ 

ထို့နောက် ရွှေတောင်ဖွံ့ဖြိုးမှုကုမ္ပဏီ လီမိတက် ဒါရိုက်တာ ဦးထွန်းအောင်ဆန်းက ကျောင်းသုံးစာရေး ကိရိယာ များကို ပေးအပ်လှူဒါန်းသည်။ 

ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက က ဆောက်လုပ်လှူဒါန်းသည့် ကျောင်းဆောင်သစ်၏ ခန့်ညား သပ်ရပ်မှုသည် ကုမ္ပဏီ၏ စေတနာပင်ဖြစ်ကြောင်း၊ မှန်ကန်သည့်စေတနာ၊ မေတ္တာသည် အလျားအနံ အတိုင်းအတာမရှိ အကျိုးကိုဖြစ်ထွန်းစေပါကြောင်း၊ စေတနာမေတ္တာအရင်းခံ၍ စည်းလုံး ညီညွတ်စွာ ဆောင်ရွက် မှသာ အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် မှန်ကန် သည့်စေတနာ၊ မေတ္တာတို့ဖြင့် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံအတွက် ထူးချွန်သည့် နိုင်ငံ့သားကောင်းရတနာများ ပိုမိုဖြစ်ထွန်းပေါ်ပေါက်ပါစေဟု ဆုတောင်းပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဒေါက်တာပိုင်စိုး၊ ဒုတိယအမှုဆောင်အရာရှိချုပ် ဦးရဲမြင့်၊ ဥတ္တသီရိ ခရိုင်ပညာရေးမှူးတို့က နှစ်ထပ်ကျောင်းဆောင်သစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဌေးက ကမ္ပည်းမော်ကွန်းကို စက်ခလုတ်နှိပ်ဖွင့်လှစ်သည်။ 

ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့် တာဝန်ရှိသူများက ကျောင်းဆောင်သစ် ကမ္ပည်းမော်ကွန်းကျောက်စာတိုင်ကို အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကြပြီး နှစ်ထပ်ကျောင်းဆောင် သစ် အတွင်း လှည့်လည်ကြည့်ရှုကြသည်။ 

အဆိုပါ အခြေခံပညာမူလတန်း ကျောင်းဆောင်သစ်သည် အလျားပေ(၁၄၀)၊ အနံပေ(၁၀၀)ရှိ သံကူကွန် ကရစ် နှစ်ထပ်အဆောက်အအုံဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ(၁၈၅)ဦး တက်ရောက်ပညာ သင်ကြားလျက်ရှိ ကြောင်း သိရသည်။ 

The New Light of Myanmar 

No comments:

Post a Comment