Saturday 14 June 2014

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် တပ်မတော်က PR စနစ်ကို ကန့်ကွက်ရခြင်း ဖြစ်သည်ဟုဆို

အချိုးကျကိုယ်စားပြုရွေးကောက်ပွဲစနစ် (ပီအာရ်)ကို တိုင်းရင်းသားအများစုက မထောက်ခံသောကြောင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အတွက် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက် မဲပေးရခြင်းဖြစ်ကြောင်း အမျိုးသားလွှတ်တော်တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးစိုးမိုးက ပြောသည်။

တပ်မတော်တစ်ရပ်လုံး သည် တိုင်းရင်းသားစည်းလုံးညီ ညွတ်ရေးကို တန်ဖိုးထားကြောင်း၊ တိုင်းရင်းသား စည်းလုံးညီညွတ် ရေးဆိုသည့်အချက်ပေါ် မူတည်ပြီး ပီအာရ်စနစ်ကို မဲပေးသည့်အခါတွင် ကန့်ကွက်မဲပေး လိုက်သည့် အနေအထားတစ်ခုဖြစ်သည်ဟုတပ် မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးစိုးမိုးက ဇွန်လ ၁၂ ရက်တွင် ကျင်းပသော အမျိုးသားလွှတ်တော် အစည်းအဝေးအပြီး မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောကြား ခဲ့ခြင်းဖြစ်သည်။

‘‘အဓိက,ကတော့ ကိုယ့် အမြင်ကိုပြောပြရရင် ဒီဟာကို တိုင်းရင်းသား ကိုယ်စား လှယ် တော်တော်များများ က မထောက် ခံဘူး။ ဒါကို တချို့တိုင်းရင်းသား တွေဆို နည်းနည်းမှမထောက်ခံ ချင်ကြဘူး။ ဒါကို ကိုယ်တို့က အတင်းလုပ်လိုက် မယ်ဆိုလို့ရှိရင် ကိုယ်တို့ ဒို့တာဝန်အရေးသုံးပါးမှာ ဖြစ်တဲ့ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို ကိုယ်တို့အရမ်း စဉ်းစားရတယ်လေ’’ဟု ၎င်းကဆိုသည်။

ဇွန်လ ၁၁ ရက်က ကျင်းပခဲ့ သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် လာမည့်ရွေး ကောက်ပွဲများ တွင် မည်သည့် ပါတီမဆို အမျိုးသားလွှတ်တော် အတွက် ကိုယ်စားလှယ်များရွေး ချယ်ရာ၌ အချိုးကျ ကိုယ်စားပြု စနစ်ကို ကျင့်သုံး ရန် လွှတ်တော်မှ အဆုံးအဖြတ်ပေးပါရန် ရွေး ကောက်ပွဲကော် မရှင်အား တိုက် တွန်းကြောင်းအဆိုကို မတ်တတ် ရပ်သည့်နည်းဖြင့် မဲခွဲဆုံးဖြတ် ရာ တွင် အမျိုးသားလွှတ်တော်ရှိ တပ်မတော် သား လွှတ်တော်ကိုယ် စားလှယ်များ အားလုံးက ကန့်ကွက်သည့်ဆန္ဒမဲကို ပေးခဲ့ကြသည်။

ယင်းအဆိုကို တပ်မတော် သားလွှတ်တော်ကိုယ်စားလှယ် များ၊ ဒီမိုကရက်တစ် လွှတ်တော် ကိုယ်စားလှယ် များနှင့် တိုင်းရင်း သားလွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်ခဲ့ကြသော် လည်းပြည်ထောင် စုကြံ့ခိုင် ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော် ကိုယ်စားလှယ်အများစု၏ ထောက်ခံ မဲကြောင့် အဆိုမှာ အမျိုးသား လွှတ်တော်တွင် ထောက်ခံသူ ၁၁၇ ဦး ကန့်ကွက်မဲ ၈၅ ဦးဖြင့် အတည်ပြုလိုက်သည်။

7Day DAILY

No comments:

Post a Comment