Saturday 14 June 2014

သန္တိသုခကျောင်းတိုက်တွင် သီတင်းသုံးသော လန်ဒန်ဆရာတော်နှင့် သံဃာလေးပါး လူဝတ်လဲ၍ တရားရုံးတင်

မဟာသန္တိသုခ ကျောင်းတိုက်အတွင်း ခွင့်ပြုချက်မရှိ သီတင်းသုံး နေထိုင်သည်ဟု နိုင်ငံတော်သံဃမဟာ နာယကက သတ်မှတ်ထားသော လန်ဒန်ဆရာတော် ဦးဥတ္တရ အပါအဝင် သံဃာတော် ငါးပါးကို ဇွန်လ ၁၃ ရက်နေ့တွင် လူဝတ်လဲကာ တာမွေမြို့နယ် တရားရုံးတွင် စစ်ဆေးခဲ့ကြောင်း တာမွေမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ရုံးထုတ် စစ်ဆေးတယ် ဆိုတာ ဟုတ်ပါတယ်။ အခု အင်းစိန်ထောင်မှာ ခေတ္တချုပ်ထားပါတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ သံဃာတော်များကို ဇွန်လ ၁၃ ရက်နေ့ မွန်းတည့် ၁၂ နာရီတွင် လူဝတ်လဲပြီးနောက် အင်းစိန် ထောင်သို့ ပို့ဆောင်ခြင်း ဖြစ်ကြောင်း အဆိုပါ တရားရုံးသို့ သွားရောက်သူ မကွေးဆရာတော် ဦးပါမောက္ခက မိန့်ကြားသည်။

“ဒီနေ့ ရုံးထုတ်တယ် ကြားလို့ တာမွေတရားရုံးကို လိုက်သွားတယ်။ ဟိုရောက်တော့ သာသနာတော် ညှိုးနွမ်း စေမှုနဲ့ ရုံးထုတ်သွားပြီတဲ့။ တာဝန်ရှိသူတစ်ဦးနဲ့ တွေ့ပြီးမေးတော့ ဦးဥတ္တရနဲ့ သံဃာလေးပါး လူဝတ်လဲ ခံရတယ် ပြောတယ်” ဟု ၎င်းကမိန့်ဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး သာသနာရေးဦးစီးဌာနသို့ The Voice မှ ဆက်သွယ်မေးမြန်သော်လည်း ပြန်လည် ဖြေကြားခြင်း မရှိပေ။

ထို့အပြင် အင်းစိန်ထောင်သို့ ပို့ဆောင် လူဝတ်လဲ သံဃာတော်များကို ဇွန်လ ၂၀ ရက်နေ့တွင် ထပ်မံရုံး ထုတ်မည် ဖြစ်ကြောင်း တာမွေမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

မဟာသန္တိသုခ ကျောင်းတိုက်ကြီးသည် နိုင်ငံတကာနှင့် မြန်မာနိုင်ငံမှ အလှူရှင်များ ပူးပေါင်းမှုဖြင့် ဖြစ်ပေါ် လာခြင်း ဖြစ်ပြီး ပီနန်ဆရာတော် အရှင်ပညာဝံသသို့ ရေစက်ချ လှူဒါန်းခဲ့ခြင်း ဖြစ်သောကြောင့် အဓမ္မ သိမ်းပိုက်ခြင်းကို လက်မခံကြောင်း အလှူရှင်များက သဘောထားကို မတ် ၃၁ ရက်နေ့တွင် ကျောင်းတိုက် မုခ်ဦးတွင် ဆိုင်းဘုတ်တင် ကြေညာထားသည်။

မဟာသံန္တိသုခကျောင်းတိုက် ပိုင်ဆိုင်မှု အငြင်းပွားမှုများသည် သံဃာ အဖွဲ့အစည်းအကြား ညီညွတ်မှု ပျက်ပြား လာနိုင်သောကြောင့် ခွင့်ပြုချက်မရှိ သီတင်းသုံး သံဃာတော်များကို အပြီးတိုင် ဖယ်ရှားရေး ဆောင်ရွက်ရန် ဇွန်လ ၁၀ ရက်နေ့တွင် နိုင်ငံတော်သံဃမဟာနာယကက ညွှန်ကြားလွှာ ထုတ်ခဲ့ခြင်း ဖြစ် ကြောင်း သာသနာရေး ဝန်ကြီးဌာနထံမှ သိရသည်။

ယင်းသို့ ညွှန်ကြားလွှာ ထုတ်ခဲ့ခြင်းကြောင့် တိုင်းဒေသကြီး သံဃမဟာနာယက ဆရာတော်နှင့် သံဃာတော် စည်းကမ်းထိန်းသိမ်းရေး ဆရာတော် ၂၈၁ ပါးတို့နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်းပြီး ဇွန်လ ၁၁ ရက်နေ့ နံနက် ၁ နာရီ နောက်ဆုံးထားကာ မဟာသံန္တိသုခကျောင်းတိုက်မှ သံဃာတော်များနှင့် ဝေယျာဝစ္စ အဖွဲ့ဝင်များကို ဖယ်ရှားပြီး ချိပ်ပိတ်ခဲ့ခြင်း ဖြစ်ကြောင်း သာသနာရေး ဝန်ကြီးဌာနထံမှ သိရသည်။

ထို့အပြင် မဟာသန္တိသုခကျောင်းတိုက် သံဃာတော်များကို နိုင်ငံတော် သံဃမဟာနာယကထံ ခွင့်ပြုချက် ရယူခြင်း မရှိဘဲ သီတင်းသုံး နေထိုင်မှုဖြင့် အရေးယူမည် ဖြစ်ကြောင်း ဇွန်လ ၁၁ ရက်နေ့တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူး ဦးစိန်မော်က ပြောကြားထားသည်။

အဆိုပါ မဟာသန္တိသုခ ကျောင်းတော်ကြီး၏ ပဓာန နာယကဆရာတော် ပီနန်ဆရာတော် ဦးပညာဝံသ ပြည်ပသာသနာပြု ခရီး ကြွရောက်နေစဉ် အချိန်ကိုက် အင်အားသုံး ဖယ်ရှားခြင်းသည် မရိုးမဖြောင့်ဟု ယူဆပြီး နိုင်ငံတော် သံဃမဟာနာယက အဖွဲ့အနေဖြင့် လည်းကောင်း၊ သာသနာရေး ဝန်ကြီးဌာန အနေဖြင့် လည်းကောင်း သဘောထား အမြော်အမြင်ကြီးစွာ ဖြေရှင်းရမည့်အစား ယခုကဲ့သို့ အင်အားသုံး ဖယ်ရှား ခဲ့ခြင်းကို အလေးအနက် ကန့်ကွက်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက ဇွန်လ ၁၁ ရက်နေ့တွင် ထုတ်ပြန်သည်။

The Voice Weekly

No comments:

Post a Comment