Saturday 14 June 2014

နိုင်ငံတကာသင်ရိုးဖြင့် သင်ကြားသော ပြည်တွင်းပုဂ္ဂလိက ကျောင်းများမှ ပညာရေးဝန်ကြီးဌာနအောက်ရှိ ကျောင်းများသို့ ပြောင်းရွှေ့သင်ကြားလိုပါက Placement Test ဖြေဆိုလျှောက်ထားနိုင်ကြောင်း သတင်းထုတ်ပြန်

နိုင်ငံတကာသင်ရိုးဖြင့် သင်ကြားသော ပြည်တွင်းပုဂ္ဂလိက ကျောင်းများမှ ပညာရေးဝန်ကြီးဌာနအောက်ရှိ ကျောင်းများသို့ ပြောင်းရွှေ့သင်ကြားလိုပါက သင်ကြားပြီးမြောက်ခဲ့သည့် Level အရ တက်ရောက်သင်ကြားလိုသည့် အတန်း၏ တစ်ဆင့်နိမ့်အတန်းကို ပညာရေးဝန်ကြီးဌာနမှ စစ်ဆေးသည့် Placement Test ဖြေဆို၍ ပြောင်းရွှေ့ သင်ကြားခွင့်အား လျှောက်ထားနိုင်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။    
အဆိုပါ Placement Test ဖြေဆိုရန်အတွက် လျှောက်ထားသူများသည် မိမိတက်ရောက်ခဲ့သည့် ကျောင်းမှ ဖြေဆိုအောင်မြင်ခဲ့သည့် Level ကို ကျောင်း၏ ထောက်ခံချက်မူရင်း (သို့မဟုတ်) အောင်လက်မှတ်မူရင်းဖြင့် တင်ပြကာ မွေးသက္ကရာဇ်အတွက် မူရင်းမွေးစာရင်း (သို့မဟုတ်) အသက်အတွက် ထောက်ခံချက်တစ်ခုခုဖြင့် လျှောက်ထားရမည်ဖြစ်သည်။ ပညာရေးဝန်ကြီးဌာန၏ အတန်းအလိုက် သတ်မှတ်ထားသော သင်ရိုးညွှန်းတမ်းအတိုင်း ဘာသာရပ်များကို ဖြေဆိုရမည်ဖြစ်ကာ ဖြေဆိုလိုသော အတန်းနှင့် မွေးသက္ကရာဇ်အရ အသက်ကိုက်ညီမှုရှိရန် လိုအပ်ကြောင်း သိရသည်။ Placement Test ဖြေဆိုခွင့် လျှောက်လွှာများကို အမှတ်(၁)/(၂) အခြေခံပညာ ဦးစီးဌာနများအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူးရုံးခန်း များတွင်လည်းကောင်း၊ အမှတ် (၃) အခြေခံပညာ ဦးစီးဌာနအတွက် အမှတ် ၅၉၁၊ အောက်ကြည့်မြင်တိုင်လမ်း၊  ကြည့်မြင်တိုင်မြို့နယ်ရှိ လက်ထောက်ညွှန်ကြားရေးမှူး (သင်ကြား) ရုံးခန်းတွင် လည်းကောင်း ၂၀၁၄ ခုနှစ် ဇွန် ၁၃ ရက်မှစတင်ကာ ရုံးချိန်အတွင်း အခမဲ့ထုတ်ယူနိုင်ပြီဖြစ်ပြီး လျှောက်လွှာများကို ဇွန် ၂၀ ရက် နောက်ဆုံးထား ပေးပို့လျှောက်ထား ရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။                          

“နိုင်ငံတကာကျောင်းများနှင့် နိုင်ငံတကာသင်ရိုးဖြင့် သင်ကြားသော ပြည်တွင်းပုဂ္ဂလိက ကျောင်းတွေကနေ မွေးထုတ်တဲ့ နိုင်ငံတကာအဆင့် အထက်တန်းအောင် IGCSE Level အောင်တဲ့ကျောင်းသားတွေက အများကြီးပဲရှိပါတယ်။ ဒါပေမဲ့ အဲဒီကလေးတွေ အားလုံးရဲ့ ၅ ရာခိုင်နှုန်းလောက်ပဲ ပြည်ပတက္ကသိုလ်တွေမှာ ပညာဆက်လက်သင်ကြားပြီး ဘွဲ့သွားယူနိုင်တယ်။ ကျန်တဲ့ ၉၅ ရာခိုင်နှုန်းလောက်က ဒီမှာကတက္ကသိုလ်ပညာ ဆက်သင်ခွင့်မပြုခဲ့တဲ့ အတွက်ကြောင့် ပညာတစ်ပိုင်းတစ်စနဲ့ ရပ်နေရတဲ့ အနေအထားမျိုး ဖြစ်နေခဲ့ရတယ်။ အခုလိုမျိုး အစိုးရပညာရေးနဲ့ ချိတ်ဆက်ပြီး ခွင့်ပြုဖို့စီစဉ်တာကို ကြိုဆိုပါတယ်။ အခုလို ခွင့်ပြုဖို့ စီစဉ်တာက နည်းနည်းတောင် နောက်ကျနေပါသေးတယ်။ အစကတည်းက ဖြစ်သင့်တာပါ” ဟု မြန်မာနိုင်ငံ ပုဂ္ဂလိကဆရာများ အသင်းချုပ်ဥက္ကဋ္ဌ ဒေါက်တာစိုးဝင်းဦးက ဆိုသည်။             
Eleven Media Group 

No comments:

Post a Comment