Thursday 23 August 2012

ကချင်ပြည်နယ် အစွန်အဖျားရှိ တာဝန်ကျ ဆရာ၊ ဆရာမများအား စစ်ရဟတ်ယာဉ်နှင့် ပို့ပေးနေဟု အစိုးရ အဖွဲ့ဆို

ကချင်ပြည်နယ် အစွန်အဖျား ဒေသအချို့ရှိ ကျောင်းများတွင် တာဝန်ကျ ဆရာ၊ ဆရာမများကို စစ်ရဟတ်ယာဉ်များဖြင့် ကချင်ပြည်နယ် အစိုးရအဖွဲ့က ပို့ဆောင်ပေးသည်ဟု သိရသည်။

ကချင်ပြည်နယ် အစိုးရအဖွဲ့အဖွဲ့ဝင် ဝန်ကြီး ဒေါ်ဘောက်ဂျာက “တိုင်းမှူးရယ်၊ ဝန်ကြီးချုပ်ရယ်၊ ကျွန်မတို့တွေရယ် ပန်ဝါကို သွားတုန်းက အဲဒီနေရာအတွက် လိုအပ်တဲ့ ဆရာ၊ ဆရာမ ငါးဦးကို ဒီရက်ပိုင်းမှာ ပဲ ခေါ်သွားပြီး တာဝန်ချထားပေးခဲ့ပါတယ်” ဟု ပြောသည်။ စစ်ဘေးကြောင့် မဖွင့်နိုင်ခဲ့သည့် ကျောင်းများမှာ လက်ရှိတွင် တည်ငြိမ်မှုအချို့ ရှိနေပြီဖြစ်၍ လိုအပ်နေသည့် ဆရာ၊ ဆရာမများကို တာဝန်ချထားပေးခြင်း အပါအဝင် နောက်ထပ်လိုအပ်သော နေရာများကို ပါ ဆောင်ရွက်ပေးသွားမည်ဟု ကချင်ပြည်နယ် အစိုးရ အဖွဲ့ထံမှ သိရသည်။ ဝန်ကြီး ဒေါ်ဘောက်ဂျာက “အဓိကကတော့ ငြိမ်းချမ်းရေးပါပဲ။ ဒါရရင် ဒီလို အဖြစ်မျိုးဆိုတာ ရှိမှာ မဟုတ်ပါဘူး” ဟု လက်ရှိအနေအထားကို ရှင်းပြသည်။ သွားလာရခက်ခဲသော နယ်စွန်နယ်ဖျား ဒေသများသို့ ဆရာ၊ ဆရာမများအား ပို့ဆောင်ပေးရာတွင် ကျောင်းအတွက် လိုအပ်သော ငွေကြေးရန်ပုံငွေ အပါအဝင် လစာစရိတ် ပံ့ပိုးကူညီပေးမှုကိုပါ ကချင်ပြည်နယ် အစိုးရမှ ပူးတွဲ ဆောင်ရွက်ပေးခဲ့သည်ဟု သိရသည်။ ကချင်ပြည်နယ်တွင် စစ်ရှောင်စခန်း ၆၇ ခု ရှိနေပြီး စစ်ဘေးဒုက္ခသည် နှစ်သောင်းခြောက်ထောင်ကျော် တွင် ကျောင်းသား၊ ကျောင်းသူ မှာ ခြောက်ထောင်ကျော် ရှိနေကြောင်း ကချင်ပြည်နယ် အစိုးရ အဖွဲ့ထံမှ သိရသည်။

No comments:

Post a Comment