Thursday 23 August 2012

လွှတ်တော်နဲ့ ခုံရုံးအငြင်းပွားနေတာက ပြည်သူတွေအပေါ် ဘယ်လိုသက်ရောက်မှု ရှိနိုင်မလဲ

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအနေနဲ့သတင်းစာရှင်းလင်းပွဲလုပ်မယ်ဆိုတဲ့သတင်းကြားရတော့
 တော်တော်လေးစိတ်ဝင်စားမိပါတယ်။

တရားရုံးတွေနဲ့ ခုံးရုံးတွေဆိုတာ သာမန်အားဖြင့်တော့ သတင်းစာရှင်းလင်းပွဲလုပ်လေ့မရှိသလို၊ မီဒီယာတွေနဲ့လည်း တွေ့ဆုံလေ့မရှိပါဘူး။ ဒါပေမဲ့ ခုလို သတင်းစာရှင်း လင်းပွဲ လုပ်ပြီး တွေ့ဆုံမယ်ဆိုတာက စိတ်ဝင်စားစရာပါပဲ။ ကျမ အနေနဲ့ သတင်းယူမယ်ဆိုတာကို တကယ်ပဲ စိတ်ပါလက်ပါ ပြောမိပါတယ်။


တကယ်တော့ လွှတ်တော်တွင်းမှာ ဖွဲ့စည်းခဲ့တဲ့ကော်မတီတွေ ကို ပြည်ထောင်စု အဆင့် မသတ်မှတ်နိုင်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကနေ သတ်မှတ်လိုက်ခြင်းကစတင်ပြီး ဒီအငြင်းပွားမှု စတင်ဖြစ်ပေါ်ခဲ့တာပါ။

လွှတ်တော်များမှ ဖွဲ့စည်းထားသော ရေးရာကော်မတီမတွေကို ပြည်ထောင်စုအဆင့်သတ်မှတ်ပေးဖို့ ကိုယ်စားလှယ်များအနေနဲ့ တောင်းဆိုရခြင်းကလည်း အထူးအခွင့်အရေးပေးရန်တောင်းဆိုခြင်းမဟုတ်ဘဲ လုပ်ပိုင်ခွင့်အာဏာကို( Check and Balance) အပြန်အလှန်ထိန်းညှိခြင်းစနစ် ရှိစေရေးနဲ့ ဥပဒေပြုလုပ်ငန်းစဉ် ပိုမိုမြင့်ဆန်စေရေးအတွက်သာဖြစ်ကြောင်း၊ ခုလို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးရဲ့ ဆုံးဖြတ်ချက်ကိုလွှတ်တော်ကိုယ်စားလှယ်များက ကျေနပ်လက်ခံနိုင်ခြင်းမရှိကြောင်း ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်များက ပြောဆိုရှင်းလင်းကြပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးရဲ့ ဆုံးဖြတ်ချက်ကို လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၃၀၁ဦးက လက်မှတ်ရေးထိုးပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၃၄၊ ပုဒ်မခွဲ(က)၊ပုဒ်မခွဲငယ်(၂) ပါ ပြဋ္ဌာန်း ချက်အားဖောက်ဖျက်ကျူးလွန်ခြင်းတို့ကြောင့် ခုံရုံးအဖွဲ့ဝင်တွေကို စွပ်စွဲပြစ်တင်မှုလုပ်ပေး ရန် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဥက္ကဋ္ဌထံသြဂုတ်လ ၈ ရက်နေ့က အဆိုပြုတင်ပြခဲ့ကြပါတယ်။

အဆိုပါကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မတဆီကို ပြည်သူ့လွှတ်တော်ကော်မတီဥက္ကဋ္ဌက ၂၀၁၂၊ သြဂုတ်လ (၁၄) ရက်နေ့ ရက်စွဲနဲ့ သ၀ဏ်လွှာပေးပို့ခဲ့ပါတယ်။ အဆိုပါသ၀ဏ်လွှာမှာတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးရဲ့ ဆုံးဖြတ်ချက်ကို လွှတ်တော်ကိုယ်စားလှယ်များ က ကျေနပ် လက်ခံနိုင်ခြင်း မရှိတဲ့အတွက် ထိခိုက်နစ်နာမှုအနည်းဆုံးဖြင့်သင့်မြတ်စေရန် ရည်ရွယ်ပေးပို့ကြောင်း ရေးသားထား တာ တွေ့မြင်ရပါတယ်။

ဒါ့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံးရုံးအဖွဲ့ဝင်များအနေဖြင့် မိမိတို့ဆန္ဒအလျောက်တာဝန်မှ အနားယူသွားစေရေးတို့ကိုလည်း ၂၀၁၂၊သြဂုတ် ၂၁ ရက်နေ့မတိုင်မ အပြီးသတ်ဆောင်ရွက်သွားခြင်းက အဆင်ပြေဆုံးနည်းလမ်းတခုအနေနဲ့အကြံပြုတင်ပြထားပါတယ်။

ဒီကိစ္စရပ်ဟာ လက်ရှိမြန်မာနိုင်ငံရဲ့ အနေအထားနဲ့ရပ်တည်ချက်အရ စိတ်ဝင်စားဖွယ်ကောင်း တဲ့အခြေအနေတခုဖြစ်လာပါတယ်။ အဲဒီလိုအခြေအနေမှာ ခုံရုံးအဖွဲ့က သြဂုတ်လ ၂၁ ရက်နေ့ မတိုင်မီ ၁ ရက်အလိုမှာ သတင်းမီဒီယာသမားတွေကို ဖိတ်ကြားပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။

သတင်းစာရှင်းလင်းပွဲ စတင်ကတည်းက အဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးသိန်းစိုး ပြည်ထောင်စုအဆင့်အသတ်မှတ်နိုင်ခြင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့်ဖြစ်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေကိုပဲ ကိုင်စွဲပြီး ပြောဆိုခဲ့ပါတယ်။

သတင်းထောက်ပေါင်း ၂၀ကျော်ရဲ့ မေးခွန်းတွေကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း ဆက်လျက်ဆောင်ရွက်သွားမှာပါ ဆိုတဲ့ အဖြေတခုတည်းနဲ့ပဲ ဖြေဆိုသွားခဲ့တာတွေ့ရပါတယ်။

သတင်းထောက်တွေက ဘယ်လိုပဲ လှည့်ပတ်မေးမေး၊ ဆင်တူမေးခွန်းတွေကိုပဲ ထပ်ခါထပ်ခါမေးမေး ဥက္ကဋ္ဌအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက အတိုင်းပါပဲ၊ ဥပဒေပြုရေးဆုံးဖြတ်ချက်အတိုင်းဖြစ်ရမှာပါ ဆိုတဲ့အဖြေပဲ ကြားခဲ့ရပါတယ်။

``ခုံရုံးကအဖွဲ့ဝင်တွေက ဖွဲ့စည်းပုံဥပဒေနဲ့အညီ ခန့်အပ်တာဝန်ပေးထားတာ ဖြစ်ပါတယ်။ ကျွန်တော်တို့က ရွေးကောက်ခံကိုယ်စားလှယ်တွေမဟုတ်ပါဘူး။ တာဝန်ပေးအပ်ခံထားရတဲ့သူတွေ ပါ။ ပေးအပ်ထားတဲ့ တာဝန်တွေကို ကျေးပွန်းစွာ ယနေ့ထိ ထမ်းဆောင်နေပါတယ်။ ကျွန်တော်တို့နုတ်ထွက်လိုက်ရင်လဲ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ အတိုင်းပဲအတည်ဖြစ်မှာပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်မချင်း ကျွန်တော်တို့ဆုံးဖြတ်ချက်က အတည်ပါပဲ၊ ကျနော်တို့ကို ပုဒ်မ ၃၀၂ပုဒ်ခွဲ(၅)နဲ့စွပ်စွဲပြစ်တင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကျနော်တို့က ဥပဒေအတိုင်း တာဝန်ထမ်းဆောင်နေကြတာပါ´´လို့ ဥက္ကဋ္ဌ ဦးသိန်းစိုးက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပဲ ကာကွယ်ရမဲ့ တာဝန်ကို အဓိက ထမ်းဆောင်ရတဲ့အဖွဲ့အစည်းလည်း ဖြစ်ကြောင်း ဦးသိန်းစိုးက ရှင်းပြခဲ့ပါတယ်။

အဲဒီနေ့မှာပဲ နိုင်ငံတော်သမ္မတကလည်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံကို သြဂုတ်လ ၂၀ ရက်နေ့ရက်စွဲနဲ့ သ၀ဏ်လွှာပေးပို့ကြောင်း MRTV-4ကနေ သတင်းထုတ်ပြန်ခဲ့တာ တွေ့မြင်ရပါတယ်။

သမ္မတရဲ့သ၀ဏ်လွှာမှာလည်း ဤကိစ္စနှင့်စပ်လျဉ်းပြီး နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ၂၀၁၂ ခုနှစ်၊ မတ်လ ၂၈ ရက်တွင် ``လွှတ်တော်အသီးသီးကဖွဲ့စည်းထား သည့် ကော်မတီ ၊ ကော်မရှင်နှင့်အဖွဲ့တို့အား ပြည်ထောင်စုအဆင့် အဖွဲ့အစည်းအဖြစ် ထည့်သွင်းအဓိပ္ပါယ်ဖွင့်ဆိုခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိကြောင်း´´ ဆုံးဖြတ်ချက်ချမှတ်ပြီး ဖြစ် ပါကြောင်း၊ ယင်းဆုံးဖြတ်ချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၂၄ နှင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံးဥပဒေပုဒ်မ ၂၃ တို့အရ အပြီးအပြတ်အတည်ဖြစ်ပါကြောင်း၊ ဤကိစ္စမှာ စစ်ဆေးကြားနာဆဲ အဆင့်မဟုတ်ဘဲ ဆုံးဖြတ်ချက်ချမှတ်ပြီးသည့် အဆင့်ဖြစ်၍ တင်သွင်းလွှာ ကို ပြန်လည်ရုပ်သိမ်းရန်မှာ တရားရုံးများ၏ အစဉ်အလာနှင့်လုပ်ထုံးလုပ်နည်းများအရ မည်သို့မျှ မဖြစ်နိုင်ပါသဖြင့် ဤကိစ္စအား အစိုးရအဖွဲ့အပေါ် နားလည်နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောဆို ခဲ့ပါတယ်။

ဒုတိယအချက်အနေဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအား တာဝန်မှ အနားယူသွားစေရေးအတွက် နိုင်ငံတော်သမ္မတက ဆောင်ရွက်မည်ဆိုလျှင် ဥပဒေနှင့် ညီညွတ်မည် မဟုတ်သည့်အပြင် တရားမျှတမှုလည်းရှိနိုင်မည် မဟုတ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို တာဝန်မှအနားယူစေရန်မှာလည်း ဆောင်ရွက်၍ မရနိုင်သည့် ကိစ္စ ဖြစ်ပါကြောင်း ဖော်ပြပါတယ်။

ဤကိစ္စနှင့်ပတ်သက်ပြီး လွှတ်တော်ကို စွပ်စွဲပြစ်တင်သည့် နည်းလမ်းဖြင့်ဆောင်ရွက်မည့်အစား ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း(၁၂)တွင် တရားဝင်ပေးအပ်ထားသည့် အခွင့်အရေးကိုအသုံးပြုမည်ဆိုပါက လည်း မည်သူ့ကိုမျှ ထိခိုက်မှုမရှိစေဘဲ သင့်လျော်ကောင်းမွန်မည်ဟု ယူဆပါကြောင်း သမ္မတကြီးက သ၀ဏ်လွှာပြန်လည်း ပေးပို့ပါတယ်။

လက်ရှိအနေအထားမှာတော့ ခုံရုံးကို စွပ်စွဲပြစ်တင်တဲ့ နည်းလမ်းက ခုံရုံးအပေါ်မှာ တရားမျှတမှု မရှိဘူးလို့ ယူစတဲ့အတွက် ခုံးရုံအဖွဲ့ဝင်တွေကို စွပ်စွဲပြစ်တင်မဲ့အစား ဆောင်ရွက်မည့် အစားဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရမဲ့အခန်း(၁၂)ပါနည်းလမ်းကို အသုံးပြုခြင်းက မည်သူ့ကိုမျှ ထိခိုက်မှုမရှိစေဘဲ သင့်လျော်ကောင်းမွန်မည်လို့ သမ္မတက ယူဆထားတာ တွေ့မြင်ရပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မယ်ဆိုရင်တော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၂) စာ ၁၇၃ ပါ ဆောင်ရွက်ရမှာဖြစ်ပါတယ်။
ပထမဆုံးအနေနဲ့ ပုဒ်မ ၄၃၃၊ ပုဒ်ခွဲ(က)အရ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် တင်သွင်းသောအဆိုကို ဥပဒေမူကြမ်းအဖြစ် တင်သွင်းရပါမယ်။

`ပုဒ်မ ၄၃၆၊ ပုဒ်ခွဲ(က)အရ ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံးရဲ့ ၇၅%ကျော်က ပြင်ဆင် ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲ ပေးပိုင် ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်` လို့ပါရှိတဲ့အ တိုင်း ဆောင်ရွက်ရမှာဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်တဲ့ နည်းလမ်းကို အသုံးမပြုဘဲနဲ့ ခုံရုံးကို စွပ်စွဲပြစ်တင်တဲ့ နည်းလမ်းကိုသာ အသုံးပြုမည်ဖြစ်ကြောင်း ယနေ့ထုတ် 7 Day News Journal ရဲ့ မျက်နှာဖုံးမှာ ဖော်ပြထားတာကို တွေ့ရပါတယ်။

အဆိုပါ သတင်းမှာ `ဒီကိစ္စက အခြေခံဥပဒေပြင်ရလောက်အောင် ကိစ္စမျိုးမဟုတ်ဘူး၊ စွပ်စွဲပြစ်တင်တာပဲ အားသာတယ်`လို့ မလှိုင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောက်က ပြောဆို ထားကြောင်း ဖော်ပြထားတာ တွေ့ရပါတယ်။

လွှတ်တော်နဲ့ ခုံရုံးပြဿနာကို ဘယ်လိုနည်းနဲ့ ဖြေရှင်းမလဲ ဆိုတာကို စဉ်းစားမယ်ဆိုရင်တော့ ကျမတို့မြန်မာနိုင်ငံရဲ့ လက်ရှိ အနေအထားကို ကြည့်ပြီး စဉ်းစားသင့်တယ်လို့ မြင်မိပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အားလုံးဟာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တရားဥပဒေစိုးမိုးရေးကိုပဲ လိုလားပြီး ဆောင်ရွက်နေကြရင်း အငြင်းပွားစရာဖြစ်ခဲ့ရတယ်လို့လည်း မြင်မိပါတယ်။

ဒါ့အပြင် အခြေခံဥပဒေရဲ့ အားနည်ချက်အချို့ ရှိနေတဲ့အတွက် အခုလို အငြင်းပွားစရာတွေလည်း ထွက်ပေါ်လာခြင်းဖြစ်ပါတယ်၊ ဒါဆိုလျှင်တော့ အခြေခံဥပဒေကိုပြင်ဆင်ရလိမ့်မယ်လို့ ရိုးရိုးလေး တွေး မိပါတယ်။

လွှတ်တော်နဲ့ ခုံရုံး ရန်ဖြစ်နေခြင်းက ပြည်သူတွေအပေါ် ဘယ်လိုသက်ရောက်မှု ရှိနိုင်ပါမလဲဆိုတာ ကို သေချာစဉ်းစားပေးကြဖို့ပါပဲ။

ကျမတို့လို သာမန်ပြည်သူတွေအနေနဲ့ကတော့ ဒီမိုကရေစီတိုင်းပြည်ထူးထောင်နိုင်ရေးအတွက် ဆန္ဒမဲပေးခြင်းမှာ ကိုယ်ယုံကြည်တဲ့သူတွေကို ဦးဆောင်ဦးရွက်ပြုပေးနိုင်ဖို့ ယုံကြည်စိတ်ချစွာနဲ့ မဲတွေပေးအပ်ပြီး လွှတ်တော်တွင်းပို့ပေးခဲ့ကြပြီးပါပြီ။

ယခုလွှတ်တော်ထဲက ဆုံးဖြတ်ချက်တွေက ပြည်သူတွေကို တကယ်ကိုယ်စားပြုမပြုဆိုတာကလည်း စဉ်းစားစရာပါပဲ။ ၂၀၁၀ရွေးကောက်ပွဲကို မမေ့ကြသေးရင်ပါ။ ဘာကြောင့်ပဲ ဖြစ်ဖြစ် ပြည်သူ လူထုကတော့ ဒီမိုကရေစီခရီးလမ်းကို လျှောက်ပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်တာကို အမှန်တကယ်လို ချင်လို့သာ မဲထည့်ခဲ့ကြတယ်ဆိုတာကိုတော့ငြင်းလို့မရပါဘူး။

တကယ်လည်း လူကြီးမင်းတို့ ပြည်သူ့မဲတွေနဲ့ လွှတ်တော်ထဲ ရောက်ကြရခြင်းရဲ့ အဓိက ရည်ရွယ်ချက် က ဘာလဲဆိုတာ စဉ်းစားသင့်ပါတယ်။

ကျမတို့ ပြည်သူတွေကတော့ မြန်မာပြည် အဆိုးသံသရာ ရှည်ခြင်းကနေ ကင်းလွတ်ချင်လှပါတယ်။

မြန်မာပြည် တိုးတက်ဖွံ့ဖြိုးဖို့နဲ့ အဆိုးသံသရာကနေ အမြန်ဆုံးလွတ်ကင်းနိုင်ဖို့ အတွက်  ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ကြီးများ အတွေးမမှားဘဲ၊ ဦးတည်ချက်မပျောက်ဘဲ၊ အချိန်မီ အကောင်အ ထည်ဖော်ပေးနိုင်မယ်လို့လည်း ယုံကြည်မျှော်လင့်မိပါတယ်။

တိုင်းပြည်ရဲ့ အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေးတို့မှာ ဦးဆောင်သူနေရာကို ရောက်ရှိနေကြတဲ့ လူကြီးမင်းတို့အနေနဲ့လည်း ကိုယ့်ရဲ့ အတ္တမာနထက်၊
သန်း ၆၀ကျော်သော ပြည်သူတွေရဲ့ လိုအပ်ချက်ကိုကြည့်ပြီး စဉ်းစားဆုံးပေးကြဖို့ကို မျှော်လင့်မိပါတယ်။

မိတ်ဆွေများအားလုံးကို လေးစားချစ်ခင်လျက်ပါ။

မေသင်္ကြန်ဟိန်(မြစ်မခ)

No comments:

Post a Comment