Thursday 23 August 2012

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပွဲများ ကျင်းပရန် အမေရိကန်ပြည်ထောင်စုတွင် ပြင်ဆင်နေ

စက်တင်ဘာလအတွင်းအမေရိကန်ပြည်ထောင်စုကို ရောက်ရှိလာမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပွဲများ ကျင်းပရန် အမေရိကန်ပြည်ထောင်စုရှိ ဆန်ဖရန်စစ္စကို၊ လော့စ် အိန်ဂျလိစ်နဲ့ နယူးယောက်မြို့များ တွင် ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း သိရှိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်ပြည်ထောင် စု အောက်လွှတ်တော်က ပေးအပ်တဲ့ Congressional Gold Medal နဲ့ Atlantic Council က ၂၀၁၂ ခုနှစ် အတွက် ပေးအပ်တဲ့ Global Citizen Award လက်ခံ ရယူရန်အတွက် စက်တင်ဘာလအတွင်း၌ အမေရိကန်ပြည်ထောင်စုကို လာရောက်မှာ ဖြစ်ပါတယ်။ ထို ခရီးစဉ်အတွင်း အမေရိကန်ပြည်ထောင်စု ရှိ မြန်မာတိုင်းရင်းသား အများစုနေထိုင်ရာ မြို့အချို့ကို လှည့်လည် လည်ပတ်ရန် စီစဉ်ထားရာ အချို့မြို့ကြီးများတွင် ပြင်ဆင်မှုများ အတန်အသင့် ဆောင်ရွက်ပြီး ဖြစ်သလို အချို့ဒေသများ မှာတော့ ပြင်ဆင်ရန် ကြိုးစားနေကြဆဲ ဖြစ်ကြောင်း သတင်းရရှိပါတယ်။ ဆန်ဖရန်စစ္စကို (ဘေးဧရိယာ) ရှိ မြန်မာမိသားစုများနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပွဲကို စက်တင်ဘာ ၂၉ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်မှ ၁၀ နာရီ ၄၅ မိနစ်အထိ ကျင်းပမှာ ဖြစ်ပြီး ကျင်းပမယ့်နေရာကို ဆက်လက် သတင်းထုတ်ပြန် မှာ ဖြစ်ကြောင်း သိရပါတယ်။ ဆန်ဖရန်စစ္စကို (ဘေးဧရိယာ) ဒေသ ရှိ မြန်မာ မိသားစုများ နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပွဲအတွက် ပြင်ဆင်နေတဲ့ သတင်းများကို http://suu-sf.blogspot.com/ တွင် ကြည့်ရှုနိုင်ကြပါတယ်။ ထိုနည်းတူ လော့စ် အိန်ဂျလိစ်မြို့တွင်လည်း အောက်တိုဘာလ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီမှ ညနေ ၃ နာရီခွဲအထိ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာမိသားစုများ တွေ့ဆုံပွဲ ကျင်းပရန် ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။ နယူးယောက်မြို့တွင် ကျင်းပ မယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာမိသားစု တွေ့ဆုံပွဲနဲ့ ပတ်သက်တဲ့ အစည်းအဝေးများကို ဇူလိုင် ၂၈ ရက်၊ သြဂုတ် ၅ ရက်၊ ၁၁ ရက်နဲ့ ၁၈ ရက်နေ့များက ကျင်းပခဲ့ပြီး အပတ်စဉ် စနေနေ့တိုင်း ညနေ ၄ နာရီမှ ၆ နာရီအထိ 39 Eldridge St, 4th Floor, NY, NY 10002 တွင် ကျင်းပနေကြောင်း သိရပါတယ်။ နယူးယောက်ဒေသရှိ မြန်မာများနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပွဲကို စက်တင်ဘာ ၂၂ ရက်၊ နံနက် ၁၀ နာရီခွဲမှ နေ့လည် ၁၂ နာရီအထိ Queens College ၌ ကျင်းပမှာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ နယူးယောက်ဒေသ မြန်မာမိသားစုများ တွေ့ဆုံပွဲဆိုင်ရာ ဖေ့စ်ဘွတ် စာမျက်နှာ http://www.facebook.com/events/373871629346283/ တွင် ဖော်ပြထားပါတယ်။ အတည်မပြုရသေးတဲ့ သတင်းများ အရ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပွဲ ကျင်းပရန် တိုင်ပင် ဆွေးနွေးနေကြတဲ့ မြို့များ ရှိသလို တိုင်ပင် ဆွေးနွေးရန် ပြင်ဆင်နေကြဆဲ မြို့များလည်း ရှိကြောင်း၊ အကျေအလည် ဆွေးနွေးနိုင်မှုများ ရှိသလို မပြေလည်မှုတွေလည်း ရှိနေကြောင်း သိရပါတယ်။

No comments:

Post a Comment