Thursday 23 August 2012

စီးကရက်ဘူးများတွင် ကုမ္ပဏီနာမည်နှင့် တံဆိပ်များ ဖော်ပြခွင့် မပြုရေး ဥပဒေ သြစတြေးလျ တရားရုံးချုပ် အတည်ပြု


စီးကရက်ဘူးများတွင် ကုမ္ပဏီနာမည်နှင့်တံဆိပ်များဖော်ပြခွင့်မပေးဘဲ ကျန်းမာရေးသတိပေးချက်များသာ ထည့်သွင်းဖော်ပြထားရေးဥပဒေကို သြစတြေးလျတရားရုံးချုပ်က ထောက်ခံအတည်ပြုပေးလိုက်ကြောင်း BBC သတင်း တွင် ဖော်ပြထားသည်။

ဥပဒေအရ စီးကရက်ဘူးများတွင် ကုမ္ပဏီနာမည်နှင့် တံဆိပ်များ ထည့်သွင်းခွင့် ရှိမည်မဟုတ်ဘဲ စီးကရက်မှတစ်ဆင့် ဖြစ်ပွားနိုင်သော ကျန်းမာရေးဆိုးကျိုးမှုများကိုဖော်ပြထားသည့် သံလွင်စိမ်းရောင်ဘူးခွံ ကိုသာ အသုံးပြုရမည်ဖြစ်သည်။
သို့သော်လည်း တံဆိပ်နှင့်နာမည်များအသုံးပြုခွင့်ကို ပိတ်ပင်တားမြစ်ထားသဖြင့် ပုဂ္ဂလိကပိုင်ဆိုင်ခွင့်ကို တားမြစ် ထားခြင်းဖြစ်ပြီး အခြေခံဥပဒေနှင့်ညီညွတ်ခြင်းမရှိကြောင်း ဆေးလိပ်ကုမ္ပဏီကြီးများက ထုတ်ဖော် ကန့်ကွက်ထားသည်။
သြစတြေးလျအခြေခံဥပဒေနှင့်ဆန့်ကျင်ခြင်းမရှိဟု တရားရုံးချုပ်အဖွဲ့ဝင်အများစုက ယူဆထားကြောင်း တရားရုံးချုပ် ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ယင်းကဲ့သို့ အမှတ်တံဆိပ်များ အသုံးပြုခွင့်ကို ပိတ်ပင်လိုက်သဖြင့် ဈေးကွက်အတွင်း စီးကရက်အတုများ ထုတ် လုပ်ရောင်းချနေသော ရာဇ၀တ်ဂိုဏ်းများကိုသာ အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း ဗြိတိန်အမေရိကန်ဆေးလိပ် ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူ စကော့က ထုတ်ဖော်ပြောကြားသွားသည်။
အဆိုပါဥပဒေကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် စတင်အတည်ပြုရန်စီစဉ်ထားပြီး စီးကရက်ဘူးများတွင် တံဆိပ်အသုံးပြုခွင့်တားမြစ်သည့် ကမ္ဘာ့ပထမဆုံးဥပဒေဖြစ်လာမည်ဖြစ်သည်။
စီးကရက်သောက်သုံးသူအရေအတွက်ကိုလျှော့ချနိုင်ရန် အဆိုပါဥပဒေကို ၂၀၁၁ ခုနှစ်အတွင်း သြစတြေးလျ အစိုးရအဖွဲ့က အတည်ပြုပေးခဲ့သည်။

No comments:

Post a Comment