Friday 10 August 2012

ဖိလစ်ပိုင်ရေကြီးမှုအတွင်း လူ့အသက်များသေဆုံးရခြင်းမှာ လူတို့၏ပေါ့လျော့မှုကြောင့်ဟု လေ့လာသူများဆို

ဖိလစ်ပိုင်နိုင်ငံတွင် ဖြစ်ပွားခဲ့သော ရေကြီးမှုများအတွင်း လူ့အသက်များ ဆုံးရှုံးခဲ့ရခြင်းသည် လူသားတို့၏ ပေါ့လျော့မှုနှင့် ဆက်စပ်နေသည့် ကပ်ဘေးတစ်ခုဟု လေ့လာသူများက ပြောကြားခဲ့သည်။ သဘာဝ ဘေးအန္တရာယ် တစ်ခုအဖြစ် သတ်မှတ်နိုင်သည့်တိုင် လိုအပ်သော စီမံကိန်းများ ချမှတ်နိုင်မှု အားနည်းခြင်းစသော ပြဿနာများကြောင့် လူသားတို့ကိုယ်တိုင် အထိနာအောင် ပြုမိသော ကိစ္စမျိုးဟု ကျွမ်းကျင်သူများက ဆိုသည်။



သဘာဝ ဘေးအန္တရာယ် ကြုံလာပါက မည်သို့စီမံ ဆောင်ရွက်မည်ဆိုသော စီမံကိန်း အားနည်းခြင်း၊ ဝန်ထမ်းများ၏ တာဝန်လျော့ရဲခြင်းနှင့် မူဝါဒရေးရာ ဆုတ်ယုတ်မှုများက ဖိလစ်ပိုင်တွင် လက်ရှိကြုံနေရသော ရေဘေးအန္တရာယ်ကို အဆိုးဆုံး ဖြစ်လာစေကြောင်း သိရှိရသည်။ အထူးသဖြင့် မြို့တော်များတွင် ရေထုတ်စနစ်များကို ကောင်းစွာ အာရုံစိုက် မွမ်းမံခြင်း မရှိခဲ့ခြင်းကြောင့် ယခုလို ပြဿနာဆိုးများ ပေါ်ပေါက်လာခြင်းဟု လေ့လာသူများက ဆိုသည်။

မြို့ပြ စီမံကိန်း ကျွမ်းကျင်သူ တစ်ဦးဖြစ်သည့် နသယ်နီယန် အိန်ဆီဒဲလ်က ဖိလစ်ပိုင်တွင် နည်းပညာပိုင်းနှင့် ဘဏ္ဍာရေးပိုင်း လုံလောက်ပြည့်စုံမှု ရှိနိုင်သော်လည်း နိုင်ငံရေးနှင့် မူဝါဒ နယ်ပယ်တွင် အဆိုပါ အခြေခံ အချက်များကို မျက်ကွယ်ပြုလွန်းကြောင်း ဝေဖန်ခဲ့သည်။ 



"တိကျတဲ့ ရေရှည်စီမံကိန်းမျိုး မရှိဘူး။ စီမံကိန်းတစ်ခုဟာ စားပွဲပေါ်မှာပဲ လည်နေတယ်။ မူဝါဒတွေနဲ့ ပြဋ္ဌာန်းချက်တွေက လုံးဝ အားမရှိဘူး"ဟု အိန်ဆီဒဲလ်က ဆိုသည်။ အိန်ဆီဒဲလ်သည် မနီလာမြို့တော်၏ စီမံကိန်းရေးရာ အကြီးအကဲအဖြစ် (၁၉၇၉)မှ (၁၉၈၉)ထိ တာဝန်ယူ လုပ်ကိုင်ခဲ့သည်။ မနီလာမြို့တော်၏ (၈)ရာခိုင်နှုန်းသည် ရေလွှမ်းမိုးလျှက် ရှိနေပြီး အချို့နေရာများတွင် ရေအနက်သည် (၆)ပေခွဲထိ ရောက်ရှိနေသည်။


မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ရေထုတ်စနစ် ညံ့ဖျင်းမှုကြောင့် ရေကြီးရေလျှံမှုများအတွင်း လူပေါင်း(၂၀)ထက်မနည်း သေဆုံးကာ လူပေါင်း(၂)သန်းကျော် ဘေးဒုက္ခများ ကြုံတွေ့ခဲ့ရသည်။ (၂၀၀၉)ခုနှစ်က အလားတူ ဖြစ်စဉ်မျိုးတွင် လူပေါင်း (၄၆၀)မျှ သေဆုံးခဲ့သော်လည်း ဖိလစ်ပိုင် အစိုးရသည် ရေထုတ်စနစ် ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ကြောင်းလည်း စွပ်စွဲမှုများ ထွက်ပေါ်လျှက်ရှိသည်။    

ref:planet 

No comments:

Post a Comment