Friday 10 August 2012

တရုတ်နှင့်အင်ဒိုနီးရှားနိုင်ငံတို့သည် သင်္ဘောဖျက်ဒုံးပျံထုတ်လုပ်ရေး ဆွေးနွေးပွဲစတင်

လက်နက်များကိုယ်ပိုင်သီးခြားလွတ်လပ်စွာထုတ်လုပ်နိုင်ရေးအတွက် အင်ဒိုနီးရှားနိုင်ငံ၏ကြိုးပမ်းမှု တစ်စိတ် တစ်ပိုင်းအဖြစ် တရုတ်နှင့်အင်ဒိုနီးရှားနိုင်ငံတို့သည် C-705 သင်္ဘောဖျက်ဒုံးပျံများထုတ်လုပ်ရေး တွေ့ဆုံ   ဆွေးနွေးပွဲများအား စတင်ပြုလုပ်ခဲ့ကြကြောင်း ဇူလိုင်လ ၂၇ ရက်နေ့ Newsnow သတင်းတစ်ရပ်အရ သိရှိရပါသည်။ 
ပထမဆုံးအကြိမ် တရုတ်-အင်ဒိုနီးရှား ကာကွယ်ရေးစက်မှုလုပ်ငန်းဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေး အစည်းအဝေးအား အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ဇူလိုင်လ ၂၅ ရက်နေ့က ကျင်းပပြုလုပ် ခဲ့ကြောင်း အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဟာတင် အက်စ်ရင်းက   ပြောကြားခဲ့ပါသည်။ အဆိုပါ C-705 ဒုံးပျံသည် အကွာအဝေး ၁၂ဝ ကီလိုမီတာအထိရောက်ရှိပစ်ခတ်နိုင်ပြီး အင်ဒိုနီးရှားရေတပ်က အဆိုပါ C-705 ဒုံးပျံများအား ဆွန်ဒါရေလက်ကြားတွင် အောင်မြင်စွာ စမ်းသပ်ပစ်ခတ်နိုင်ခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါဒုံးပျံထုတ်လုပ်ရေး ကန်ထရိုက်စာချုပ်အား ၂ဝ၁၃ ခုနှစ်တွင် လက်မှတ်ရေးထိုးမည်ဟု မျှော်မှန်းရပါသည်။

အင်ဒိုနီးရှားကြည်းတပ် အထူးတပ်ဖွဲ့ ကွပ်ကဲမှု ဌာနချုပ်(Kopassus)မှ တပ်ဖွဲ့ဝင်များသည် တရုတ်နိုင်ငံ ရှန်တုံပြည်နယ် ကျီနန်းမြို့တွင် ဇူလိုင်လအစောပိုင်းက တရုတ်အထူးတပ်ဖွဲ့များနှင့်အတူ ဒုတိယအကြိမ်မြောက် Sharp Knife ပူးတွဲစစ်ရေး လေ့ကျင့်ခန်းကို ပြုလုပ်ခဲ့ကြပြီး တရုတ်နိုင်ငံအနေဖြင့် အင်ဒိုနီးရှားလေတပ်မှ လေယာဉ်မှူး ၁ဝ ဦးအား တရုတ်နိုင်ငံတွင် Sukhoi တိုက်လေယာဉ် သဏ္ဌာန်တူ အသုံးပြုလေ့ကျင့်ပေးရန် ကမ်းလှမ်းထားခဲ့ပါသည်။ အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ၂ဝ၁ဝ ခုနှစ်မှ ၂ဝ၁၄ ခုနှစ်အထိ ကာကွယ်ရေးလက်နက်စနစ်များ အဆင့်မြှင့် တင်ရန်အတွက် ရူပီး ၁၅ဝ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၅.၈ ဘီလီယံ)ခွင့်ပြုပေးခဲ့ကြောင်းနှင့် စစ်လက်နက်ပစ္စည်းများ ထုတ်လုပ် ရေးနှင့် ပတ်သက်၍ ဂျက်တိုက်လေယာဉ်များနှင့် ရေငုပ်သင်္ဘောများ တည်ဆောက်ရန် တောင်ကိုရီးယား   နိုင်ငံနှင့်လည်းကောင်း၊ ဖရီးဂိတ်စစ်သင်္ဘောများတည်ဆောက်ရန် နယ်သာလန် နိုင်ငံနှင့်လည်းကောင်း၊ အလတ်စား သယ်ယူပို့ဆောင်ရေး လေယာဉ်များ တည်ဆောက်ရန် စပိန်နိုင်ငံနှင့်လည်းကောင်း ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း သိရှိရပါသည်။

No comments:

Post a Comment