Friday 10 August 2012

နေရာတို့၏ သဘော


ဂဏန်းသင်္ချာတွင် နေရာပေါ်မူတည်ပြီး ဆယ်ဂဏန်းဖြစ်နိုင်သလို သောင်းသိန်းချီသွားနိုင်သည်။ ဂဏန်းတူသော်လည်း နေရာက ကွာသည်ကိုး။ နေရာကိုလိုက်ကာ တန်ဖိုးတို့ ပြောင်းလဲသွားသည်။ ဂဏန်းသင်္ချာတတ်ချင်မှတတ်မည်၊ သေစာရှင်စာ တတ်ချင်မှ တတ်မည်၊ နေရာအကြောင်းကတော့ လူမှန်လျင် သိကြသည်ချည်း။


နေရာဆိုသည်ကလည်း အရေးကြီးသည်။ နေရာပေါ်မူတည်ပြီး အခွင့်အရေးတို့ ရနိုင်သည်။ ဘ၀တက်လမ်းတို့ ဖန်တီးနိုင်သည်။ အခွင့်အရေးတို့ ဖန်တီးပေးနိုင်သော အနှီနေရာကလည်း ရဖို့မလွယ်။ နေရာတစ်နေရာ ရဖို့အရေး  အတော်လေးကြိုးစားရသည်။ နေရာဆိုတာက သည်းခြေကြိုက် ဖြစ်သောကြောင့် အပြိုင်အဆိုင် အားထုတ်ရသည်။

နေရာလေးတစ်ခု ရပြန်တော့ ထိုနေရာလေးတွင် မြဲအောင် ကုပ်ကတ်ထားကြရသည်။ ထိုနေရာကို အာမခံနိုင်စွမ်းရှိသည့်၊ ထိုနေရာမှ မိမိလွင့်သွားအောင် လုပ်နိုင်သူ ခွန်အားရှင်တို့အား အပြုံးဖြင့်တစ်ဖုံ၊ စကားဖြင့်တစ်နည်း၊ လက်ဖြင့်တစ်သွယ် ပူဇော်ပသကြရသည်။  နေရာရရေး၊ နေရာကို ထိန်းထားနိုင်ရေးတို့အတွက် မိမိထက်မြင့်သော နေရာကို ရထားကြသူတို့အား ချဉ်းကပ်ရသည်။

ကိုယ်ပိုင်အရည်အသွေး ရှိသူတို့မှာမူ မိမိအရည်အသွေးကို မူတည်ကြိုးစားနိုင်သောကြောင့် အားတစ်မျိုးရှိနေသည်။ မည်သည့်လုပ်ငန်းခွင်ရောက်ရောက် အားထုတ်လုပ်ကိုင်နိုင်လျင် မိမိအတွက် နေရာတစ်နေရာ ရှိမည်ကို သဘောပေါက်သူတို့ပီပီ စိတ်မပူ။ လုပ်ငန်းခွင်တို့ကလည်း ထိုသူတို့အတွက် နေရာ အဆင်သင့် ချန်ထားပြီး။ ထိုသူတို့ကို သိသောကြောင့်၊ ချစ်ခင်သောကြောင့် ဟုတ်ချင်မှ ဟုတ်မည်။ မဖြည့်နိုင်သော နေရာများ ရှိနှင့်နေသောကြောင့် လက်ကမ်းကြိုနှင့်ကြသည်။ အချို့လုပ်ငန်းခွင်တို့ကမူ ဦးနှောက်အမဲလိုက် headhunt ကာ မရအရ ဆွဲဆောင်ခေါ်ယူကြသည်။

ကိုယ်ပိုင်အရည်အသွေး  ချည့်နဲ့သူ အချို့မှာ နေရာရရေး အရည်အချင်းသာမက အခြားနည်းတို့ဖြင့်ပါ ကြိုးစားရသောကြောင့် စိတ်အားငယ်တတ်ကြသည်။ ရုတ်တရက်ဆိုလျင် မျက်နှာထားတင်းမာ အမျက်စောင်မာန်ကြီးသောကြောင့် စိတ်ဓာတ်မာကျောမည်ထင်ရသော်လည်း ထိုသူတို့လောက် စိတ်အားငယ်တတ်သူတို့ မရှိ။ ၀မရှိဘဲ ၀ိလုပ်ထားကြသူများဖြစ်ရာ အရည်အသွေးဖြင့် မိမိတာဝန်ကို ကျေပွန်အောင်မဆောင်ရွက်နိုင်သောကြောင့် မိမိအရည်အသွေးကို အကဲဖြတ်ရသူတို့   ကျေနပ်အောင် ဆရာမွေး၊ လေချိုသွေး လုပ်ကြရသည်။ သို့မဟုတ်ပါက နေရာမရသည့်ပြင် ရှိစုမဲ့စု နေရာလေး ပျောက်သွားမည်။

မိမိကိုယ်ကို ယုံကြည်မှုရှိသူသည် မိမိမြင်သည်ကို မြင်သည့်အတိုင်း၊ မိမိယုံကြည်သည်ကို ယုံကြည်သည့်အတိုင်း ပြောရဲသည်၊ ကျင့်သုံးရဲသည်။ ထိုသို့ကျင့်သုံးခြင်းဖြင့် သူ၏ ကိုယ်ပိုင်နေရာသည် ကျယ်ပြန့်လာသည်။ သို့သော် မိမိကိုယ်ကို ယုံကြည်ရန် ကိုယ်ပိုင်အရည်အချင်းရှိဖို့ လိုသည်။  ကိုယ်ပိုင်အရည်အချင်းမရှိလျင် မိမိကိုယ်ကို ယုံကြည်ရန် ခဲယဉ်းသည်။ ကိုယ်ပိုင်အရည်အချင်းမရှိဘဲ မိမိကိုယ်ကို အခြောက်တိုက် ယုံကြည်နေသူများ ရှိတတ်သော်လည်း ထိုသူတို့ကို အများက မယုံကြည်နိုင်။

နေရာ၏ သဘောမှာ လုပ်နိုင်ကိုင်နိုင်သူတို့ သက်ဆိုင်ရာတာဝန်ကို ဆောင်ရွက်နိုင်ရန် ပေးထားခြင်း   ဖြစ်သည်။ နေရာရှင်တို့က တာဝန်ကို ဆောင်ရွက်ခြင်း မရှိ၊ မဆောင်ရွက်လိုဘဲ နေရာတွင် နေလိုရင်းသာ အန္တိမ ရည်မှန်းချက် ဖြစ်နေလျင် နေရာ၏ မူလရည်ရွယ်ချက် ပျောက်သွားပြီ။ အလုပ်လုပ်ရန် မဟုတ်တော့ဘဲ နေရာတွင် နေလိုရင်းသာ ဖြစ်သွားပြီ။ ထိုသို့သောသူများသည်  နေရာ အဓိကသမားများ   ဖြစ်သောကြောင့် နေရာလုလိုသော စိတ်ထားလည်း များတတ်ကြသည်။ နေရာလုသူတို့ များလာလျှင် အဖွဲ့အစည်းသည် နေပျော်ဖွယ် မကောင်းတော့။ အလုပ်လုပ်ရန် ရည်ရွယ်ချက်အစား နေရာရည်ရွယ်ချက်က အစားထိုးဝင်လာကြသောကြောင့် အဖွဲ့၏ ရည်မှန်းချက် မပြီးမြောက်တော့။ တကယ် အလုပ်လုပ်သောသူကို လည်း နေရာလုဖက်သဘောထားလာသောကြောင့် အလုပ်လုပ်သူတို့ လုပ်ရကိုင်ရ ကြပ်လာသည်။

အရင်းအမြစ်မှန်လျင် ရှားပါးစမြဲ၊ အကန့်အသတ်ရှိစမြဲဖြစ်သည့်အတိုင်း နေရာဟူသော အရင်းအမြစ်မှာလည်း ရှားပါးသည်ဖြစ်ရာ ပြိုင်ဖက်ဟု ထင်ရသူများ ပေါ်လာပါကလည်း နေရာ ဓိက သမားများက နည်းမျိုးစုံဖြင့် အပျောက်ရှင်းတတ်ကြသည်။ အနုနည်း၊ အကြမ်းနည်း၊ အထက်လမ်း အောက်လမ်း မျိုးစုံတတ်သည်။ ထိုအခါတွင် အဖွဲ့သားအချင်းချင်းကြား စစ်အေး (Cold War) ဖြစ်ပေါ်လာပြီး လုပ်ငန်းတာဝန် မဖြစ်မြောက်တော့။ နောက်ကျောမလုံဖြစ်လာကာ မလုံမခြုံ စိတ်ဓာတ်မျိုး ပေါ်ပေါက်လာတတ်သည်။ ဂိုဏ်းကွဲလာသောကြောင့် လူကို အကဲဖြတ်ရာတွင် အလုပ်ဖြစ်မဖြစ် ကြည့်ရာမှ မိမိဘက်ပါမပါ ပိုဦးစားပေး အကဲဖြတ်လာသည် ( us them mentality)။ အဖွဲ့သားတို့ကို ကြည့်လိုက်လျင်လည်း အရှိန်ဟပ်ပြီး မလှုပ်တလှုပ် တရွေ့ရွေ့နှင့် စိတ်မပါ့တပါ မြင်တွေ့ရတတ်သည်။  ထိုလက္ခဏာမျိုး မြင်တွေ့နေရလျင် အမြန် ကုလိုက ကု၊ မကုက အနှေးနှင့် အမြန် အဖွဲ့အစည်း ကျဆုံးတော့မည်။

နေရာသည် တန်ဖိုးရှိသည်မှန်သော်လည်း မိမိ၏ တန်ဖိုးကို နေရာနှင့်တွဲချည်ထားခြင်းမှာမူ အန္တရာယ်ကြီးလှသည်။ နေရာပျောက်လျင် မိမိတန်ဖိုးပျောက်သည့် သဘောဖြစ်သွားပြီ။ မိမိတန်ဖိုး=နေရာတန်ဖိုး ဖြစ်နေလျင် မိမိတန်ဖိုး-နေရာတန်ဖိုး=၀ ဖြစ်သောကြောင့် နေရာပျောက်သည်နှင့် မိမိတန်ဖိုး သုညဖြစ်ပြီ။ လာနေကျသူများ မလာတော့၊ လေးစားသူများ မလေးစားတော့လျင် မိမိတန်ဖိုးသည် နေရာတန်ဖိုးသာဖြစ်သည်။ မိမိတန်ဖိုးသည် နေရာပေါ် မမှီခို၊ နေရာနှင့် လွတ်လွတ်လပ်လပ် ရှိသူသည် နေရာမှ မိမိအဖယ်ခံရလည်း အကြောင်းမဟုတ်။ အခြားသူကပေးသော နေရာမဟုတ်သည့် ကိုယ်ပိုင်နေရာ ရှိသည်။ ကိုယ်ပိုင်နေရာရှိသူသည် ကိုယ်ပိုင်တန်ဖိုးရှိသည်။

နေရာရပြီး နေရာနှင့် တန်အောင် ကြိုးစားသူတို့ နေရာပိုရလာတတ်သလို၊ နေရာမရသော်လည်း အလုပ်လုပ်သူတို့မှာ တဖြည်းဖြည်းနေရာရလာတတ်သည်။  ရုပ်ပိုင်းနေရာ (physical place) မဆိုထားနှင့် လူပေါင်းများစွာတို့၏ ရင်ထဲအသည်းထဲ (mental place) တွင်ပင် နေရာရယူနိုင်စွမ်းသည်။ သူနှင့်ကြုံဖူးသူ၊ တွဲဖက်လုပ်ကိုင်ဖူးသူတို့ ရင်ထဲသို့ အရောက်သွားခြင်း မဆိုထားဘိ မြင်ဖူးတွေ့ဖူးသူ မဟုတ်သူများ၏ ရင်ထဲတွင်ပင် နေရာယူနိုင်စွမ်းရှိသည်။ လူသတင်းလူချင်းဆောင် ဆိုသကဲ့သို့ပင် တစ်ဆင့်စကား တစ်ဆင့်နားဖြင့် လူသန်းပေါင်းများစွာ၏ ဦးနှောက်ထဲ အသိတရားထဲတွင် သူသည် နေရာတစ်နေရာ ရယူနိုင်စွမ်းသည်။ လူသေသော်လည်း နာမည်မသေဆိုသည်မှာ ထိုသူများပင်ဖြစ်သည်။ ထိုသူများသည် နေရာကို ရယူမနေ၊ လူသားကောင်းကျိုး အဖွဲ့အစည်းကောင်းကျိုး ကြိုးစားလုပ်ရင်း   နေရာအလိုလိုရလာသူများဖြစ်သည်။ သူတို့၏ နေရာကို မည်သူမျှ လုမယူနိုင်။ ဆင်သွားရာ လမ်းဖြစ် ဆိုသကဲ့သို့ သူတို့ သွားလေရာတွင် နေရာရှိသည်။ ရာဇပလ္လင်ဖင်ကပ်ပါနေသည်ဆိုသည်မှာ ထိုသူများပင်ဖြစ်သည်။

နေရာရမှ ဖြစ်မည်ဆိုလျင် ကိုယ်ပိုင်နေရာ ဖြစ်ရန်လိုသည်။ ထူးဆန်းသည်မှာ နေရာ အဓိက မထားသောသူတို့အတွက် နေရာ ရှိနေတတ်ခြင်းပင် ဖြစ်သည်။

ref:Zeya thu'FB

No comments:

Post a Comment