Friday 15 May 2015

ဥပဒေပြဋ္ဌာန်းရေး ဝန်ကြီးဌာနများ ကြန့်ကြာဟု ဦးရွှေမန်း သတိပေး

ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
ပြည်ထောင်စု လွှတ်တော်က ဥပဒေများ မြန်ဆန်စွာ ပြဋ္ဌာန်းနိုင်ရေး လုပ်ဆောင်ရာတွင် သက်ဆိုင်ရာ ၀န်ကြီးဌာနများက အချိန်ကြန့်ကြာစေရန် ပြုလုပ်နေမှုများရှိနေကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက သတိပေး ပြောဆိုလိုက်သည်။

လွှတ်တော်တွင် ဆွေးနွေးအတည်ပြုရန် လုပ်ဆောင်နေသည့် ဥပဒေ တချို့ကို ၀န်ကြီးဌာနများက ဖြည့်စွက် ချက် ထည့်သွင်းလိုသောကြောင့် ခေတ္တစောင့်ဆိုင်းပေးပါရန် အကြောင်းကြားမှုများ ရှိခဲ့ပြီး၊ ၀န်ကြီးဌာန များမှ ပြန်လည် တင်ပြလာချိန်တွင် ဥပဒေကြမ်း တခုလုံးကို ပြင်ဆင်ရေးဆွဲ တင်ပြလာသည်ကို တွေ့ကြုံခဲ့ရ သည်ဟု သူရဦးရွှေမန်းက မေ ၁၄ ရက်တွင် ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောဆိုသည်။

“စပေးကတည်းက မြန်မြန်လုပ်ပေးဖို့ ကိစ္စကို နှောင့်နှေးတဲ့အတွက် လွှတ်တော်က လုပ်တော့မှပဲ နောက်ကနေ အမြန်အဆန်လိုက်ပြီး တင်လာတဲ့ ကိစ္စတွေက နှစ်ဖက်စလုံးအတွက် အကျိုးမရှိနိုင်ဘူးဆိုတာ ထပ်ပြီး ရှင်းအောင်ပြောတာပါ” ဟု သူရဦးရွှေမန်းက ဆိုသည်။ 

လွှတ်တော်က ဆွေးနွေးရန် စီစဉ်ထားသည့် ဥပဒေများကို ၀န်ကြီးဌာနများက ထပ်မံရေးဆွဲပြီး တင်ပြ လာခြင်းသည် အစိုးရနှင့် လွှတ်တော်နှစ်ရပ်စလုံးအတွက် အကျိုးမရှိကြောင်း၊ ထိုကဲ့သို့ ဖြစ်ပေါ်ခဲ့သော ဥပဒေများမှာ လျှပ်စစ် ဥပဒေ၊ အမျိုးသား ပညာရေးဥပဒေနှင့် တောင်သူလယ်သမား အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေး ဥပဒေတို့ ဖြစ်ကြောင်း သိရသည်။

ဥပဒေတခုကို သက်ဆိုင်ရာ ၀န်ကြီးဌာနက ဥပဒေကြမ်းအဖြစ် စတင် ဆောင်ရွက်မည်ဆိုပါက အဆင့်ဆင့် အသွားအပြန် အချိန်ကြာသည်ဟု ပြောဆိုကြသည့်အတွက် ဥပဒေကြမ်းတခု ပြုစုရာတွင် ရှေ့နေချုပ်ရုံး သို့မဟုတ် ပြည်ထောင်စု အစိုးရက မည်ကဲ့သို့ ဆောင်ရွက်နေကြောင်းနှင့် အချိန်အကြာဆုံး မည်မျှရှိမည်ကို သိရှိလိုပါကြောင်း သူရဦးရွှေမန်းက လွှတ်တော်တွင် မေးမြန်းခဲ့သည်။

ထိုမေးမြန်းချက်နှင့် ပတ်သက်ပြီး ဒုတိယ ရှေ့နေချုပ် ဦးထွန်းထွန်းဦးက ၀န်ကြီးဌာနများသည် ပြင်ဆင် သင့်သော ဥပဒေများ၊ အသစ် ရေးဆွဲသင့်သော ဥပဒေများကို သုံးသပ်ပြီးချိန် ပြည်ထောင်စု ရှေ့နေချုပ်ရုံး သို့ တင်ပြလာသည်များကို အလွန်ဆုံး ၂ လခန့်အတွင်း အကြံပြု ပြန်ကြားပေးခဲ့ကြောင်း၊ အကြံပြုချက်များ ပြင်ဆင်ပြီးပါက ၀န်ကြီးဌာနများ အနေဖြင့် အစိုးရအဖွဲ့ကို တင်သွင်းနိုင်ကြောင်းနှင့် တခါတရံ ဥပဒေများကို ပိုမိုပြည့်စုံစေရန် လိုအပ်သည်များကို ပြန်လည် ပြောကြားရသည်များ ရှိခြင်းကြောင့် ၀န်ကြီးဌာနများက ပြန်ပြင်ဆင်ရသည့်အတွက် အချိန့်ကြာခြင်းများ ရှိပါသည် ရှင်းလင်းပြောဆိုသည်။

“ကြာမြင့်တဲ့ အချိန်ဟာ တချို့လည်း မြန်သည်များ ရှိသလို တချို့လည်း နှစ်အထိ ကြာသွားခြင်းများလည်း ရှိပါတယ်။ ရုံးအနေနဲ့လည်း အတတ်နိုင်ဆုံး အမြန်ဆုံး ပြန်ကြားနေပါတယ်” ဟု ဦးထွန်းထွန်းဦးက ပြောဆိုသည်။

ပြည်ထောင်စု လွှတ်တော်အတွင်း ၂၀၁၁ ခုနှစ်တွင် ဥပဒေကြမ်း ၇၆ ခု၊ ၂၀၁၂ ခုနှစ်တွင် ၆၀ ခု၊ ၂၀၁၃ ခုနှစ်တွင် ဥပဒေကြမ်း ၆၁ ခု၊ ၂၀၁၄ ခုနှစ်တွင် ဥပဒေကြမ်း ၈၁ ခုနှင့် ၂၀၁၅ ခုနှစ်အတွင်း (ယနေ့အထိ) ဥပဒေကြမ်း ၂၂ ခုကို အကြိမ် ၃၀၀ ခန့် စိစစ်အကြံပြုခဲ့ပြီး လက်ရှိအချိန်တွင် ပြည်ထောင်စုရှေ့ နေချုပ်ရုံး၌ ဥပဒေကြမ်း ၁၅ ခုခန့်သာ ကျန်ရှိနေသည်ဟု ဦးထွန်းထွန်းဦးက ဆက်ပြောသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက လွှတ်တော်သို့ ပြင်ဆင်ချင်သည့် ဥပဒေကြမ်းများကို အမြန်ပို့ပေးပါရန်နှင့် တင်ပြလာသည့် ဥပဒေကြမ်းများကို ပထမအကြိမ် လွှတ်တော်သက်တမ်း အတွင်း အပြီး ပြဋ္ဌာန်းပေးချင်သည်ဟု ပြန်လည် ပြောဆိုသည်။

လက်ရှိအစိုးရ လက်ထက်တွင် ပြည်ထောင်စု လွှတ်တော်သည် ၂၀၁၁ ခုနှစ်တွင် ဥပဒေပေါင်း ၁၅ ခု၊ ၂၀၁၂ ခုနှစ်တွင် ဥပဒေပေါင်း ၂၄ ခု၊ ၂၀၁၃ ခုနှစ်တွင် ဥပဒေပေါင်း ၃၇ ခု၊ ၂၀၁၄ ခုနှစ်တွင် ဥပဒေပေါင်း ၅၇ ခု၊ ၂၀၁၅ ခုနှစ်တွင် ဧပြီလ ၁၁ ရက်နေ့ အထိ ဥပဒေပေါင်း ၂၆ ခု စုစုပေါင်း ဥပဒေပေါင်း ၁၅၉ ခုကို အတည်ပြု ပြဋ္ဌာန်းနိုင်ခဲ့ပြီး ပြည်ထောင်စု လွှတ်တော် မှတ်တမ်းများအရ သိရသည်။

 ဧရာဝတီ

No comments:

Post a Comment