Friday 15 May 2015

အိမ်ဝယ်လျှင် လူကိုပါ လက်ထပ်ရမည်ဆိုသည့် အင်ဒိုအမျိုးသမီးအတွက် ဝယ်လက် ပေါ်လာ

မိမိအိမ်ကို ဝယ်ယူပါက မိမိကိုပါ လက်ထပ်ရမည်ဟု ကြေညာခဲ့မှုကြောင့် နာမည်ကြီးခဲ့သည့် အင်ဒိုနီးရှား အမျိုးသမီးသည် သူမ၏ ဝယ်လက် (သို့မဟုတ်) ခင်ပွန်းလောင်းကို ရှာဖွေ တွေ့ရှိသွားပြီ ဖြစ်သည်။
ယွန်ယာကာတာတွင် နေထိုင်သည့် အသက် (၄၀) အရွယ် အမျိုးသမီး ဝီနာလိုင်က သူမ၏ အိမ်ကို ဝယ်ယူရန် သင့်တော်သည့် ကမ်းလှမ်းမှုကို အမျိုးသားတစ်ဦးထံမှ လက်ခံရရှိခဲ့ကြောင်း Kompas နေ့စဉ် သတင်းစာသို့ ပြောကြားခဲ့သည်။ “သူ့နာမည်က ရီဒီ အီကိုပါ။ သူကလည်း ဇနီးတစ်ယောက် အလိုရှိနေတာပါ”ဟု ဝီနာက ဆိုသည်။

 ဝီနာသည် မုဆိုးမတစ်ဦးဖြစ်ပြီး ရီဒီသည်လည်း ကလေးများရှိသည့် မုဆိုးဖို တစ်ဦးဖြစ်ကြောင်း သိရသည်။ အသက် (၄၆) နှစ် အရွယ်ရှိ ရီဒီသည် ဝီနာ၏ ငွေရေးကြေးရေး အခက်အခဲကို သိရှိရသည့်နောက် ၎င်းအနေဖြင့် ကူညီလိုကြောင်း ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။ “လမ်ပွန်းမှာရှိတဲ့ သူ့အိမ်ကို ရောင်းပြီး အဲဒီငွေကြေးတွေနဲ့ ကျွန်မကို ကူညီမှာပါ”ဟု ဝီနာက ပြောကြားခဲ့သည်။

ဝီနာသည် အိပ်ခန်းနှစ်ခန်း၊ ရေချိုးခန်းနှစ်ခန်း၊ အလှမွေးငါးကန်နှင့် အိမ်နောက်ဘက် ခြံဝင်းတို့ ပါဝင်သည့် နေအိမ်ကို ဒေါ်လာ ၇၆၅၀၀ ဖြင့် ရောင်းချမည်ဖြစ်ကြောင်း အင်တာနက်တွင် ကြေညာခဲ့သည်။ နေအိမ်ကို ဝယ်ယူသူသည် သူမကိုပါ လက်ထပ်ရမည်ဆိုသော စည်းကမ်းချက်ကြောင့် ထိုကိစ္စသည် အင်တာနက်တွင် လူအများ၏ အာရုံစိုက်မှုကို ခံခဲ့ရသည်။

ရီဒီက ၎င်းသည် ကလေးများနှင့်အတူ ယွန်ယာကာတာသို့ ပြောင်းရွှေ့ရန် စီစဉ်နေပြီဖြစ်ကြောင်း အတည်ပြုခဲ့သည်။ ရီဒီ၏ ကလေးများသည် ယွန်ယာကာတာတွင် တက္ကသိုလ် တက်နေသည်။ “ဝီနာနဲ့ မဟုတ်ရင်လည်း အဲဒီမှာ ကျွန်တော် သွားနေဖြစ်မှာပါ”ဟု ၎င်းက ဆိုသည်။ ၎င်းတို့နှစ်ဦးသည် လူချင်း မျက်နှာချင်းဆိုင် မတွေ့ဆုံရသေးဟုလည်း သိရသည်။ သို့သော် နေ့စဉ် အပြန်အလှန် မက်ဆေ့ပေးပို့ပြီး ဆက်သွယ်နေသလို မကြာမီ လူချင်းတွေ့ဆုံရန် ချိန်းဆိုထားပြီ ဖြစ်သည်။

“နှစ်ယောက်အတူတူ မက္ကာကို ဝတ်ပြုခရီးထွက်ဖို့ စိတ်ကူးထားပါတယ်။ အားလုံး အစစအရာရာ အဆင်ပြေမယ်ဆိုရင်တော့ နောက်လထဲမှာ ကျွန်မတို့ လက်ထပ်ဖြစ်မှာပါ”ဟု ဝီနာက ပြောကြားသွားသည်။

_Ref: Times

No comments:

Post a Comment