Friday 15 May 2015

RCSS/SSA အဖွဲ့က ဆန်စက်လုပ်ငန်းရှင်များထံမှ ဆက်ကြေးငွေ ၅ သိန်းစီ ခြိမ်းခြောက်ကောက်ခံ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကာလိမြို့နယ်ခွဲ၊ ကျိုင်းလွန်းကျေးရွာအုပ်စု၊ ၀မ်တုံကျေးရွာသို့ မေလ ၁၂ ရက်နေ့ တွင် RCSS/SSA အဖွဲ့ရောက်ရှိလာပြီး ဆန်စက်လုပ်ငန်းရှင်များအား ဆက်ကြေးငွေကောက်ခံသွားကြောင်း ယင်း ဒေသခံ ရွာသား များထံမှ သိရသည်။

အဆိုပါ ၀မ်တုံကျေးရွာသို့ RCSS/SSA အဖွဲ့ရောက်ရှိလာပြီး ကျေးရွာအုပ်ချုပ်ရေးမှူးအားခေါ်ယူ၍ ကျေးရွာ အတွင်းရှိ ဆန်စက်ပိုင်ရှင်များထံမှ ဆက်ကြေးငွေ ၅ သိန်းစီ ကောက်ခံခိုင်းကြောင်း ဒေသခံတစ်ဦးမှ ပြောကြားသည်။

“ သူတို့အဖွဲ့တွေ နေ့လယ်ပိုင်းကရောက်လာကြတာ၊ ၁၅ ယောက်လောက်ရှိတယ်၊ အုပ်ချုပ်ရေးမှူးကို ခေါ်တွေ့တယ်၊ ခဏနေကျတော့ ရွာက ဆန်စက်ပိုင်ရှင်တွေဆီကနေ ၅ သိန်းစီ ကောက်သွားတယ်၊ ဆက် ကြေး အတောင်းခံရတဲ့ လုပ်ငန်းရှင်တွေကတော့ ဘယ်ပြောရဲပါ့မလဲ၊ ရဲတိုင်ဟိုတိုင်လုပ်ရင် အသက်ကို အာမမခံဘူးဆိုပြီး ခြိမ်းခြောက်ထားတာ၊ နီးရာဓါး ကြောက်နေရတာပေါ့” ဟု ရွာသားတစ်ဦးက ပြောသည်။

အဆိုပါအဖွဲ့သည် ယခုနှစ်တွင် ကျေးရွာများမှ ဆက်ကြေးကောက်ခံခြင်း၊ ကျွဲနွားများအားဖမ်းဆီးခြင်း၊ အထူး သဖြင့် လူသစ်စုဆောင်းခြင်းများအား မကြာခဏဆိုသလို ပြုလုပ်လျက်ရှိသည်။

“ ကိုယ်ပိုင် ဆန်စက်လေးထောင်ထားပါတယ်၊ ရှမ်းစစ်တပ်က ဆက်ကြေးလာကောက်လို့ ပြန်ရောင်းရမလို ဖြစ်နေပြီ၊ တောင်းတဲ့ ဆက်ကြေးကလည်း ၅ သိန်းတောင်ပေးရတယ်၊ ဒီလောက်ငွေရဖို့ ကျွန်တော်တို့မှာ အကြာကြီးလုပ်ထားရတာ၊ ခု ပေးလိုက်ရတာနဲ့ ဆန်စက်ကုန်ကျစရိတ်နဲ့ဆိုရင် ဘာမှမကျန်တော့ဘူး၊ သူတို့ အတွက် ငွေရှာပေးသလို ဖြစ်နေတာပေါ၊့ မိသားစု စားဝတ်နေရေး ဖြေရှင်းဖို့တောင် အနိုင်နိုင်ရုန်းကန် နေရတာ၊ ပိုင်ရှင်တွေလည်း ပေးရင် အစိုးရဌာနဆိုင်ရာတွေသိမှာ စိုးရိမ်ရ၊ မပေးပြန်ရင်လည်း အသက် အန္တရာယ် စိုးရိမ်ရ ဆိုတော့ ဘာလုပ်ရမှန်းကိုမသိတော့ပါဘူး” ဟု ဆန်စက်ပိုင်ရှင်တစ်ဦးမှ ပြောကြားသည်၊

စိုင်းအောင်
Shan News 

No comments:

Post a Comment