Friday 15 May 2015

မျိုးစောင့်ဥပဒေ နှစ်မျိုး ပြည်ထောင်စုနှင့် အမျိုးသားလွှတ်တော် အတည်ပြုလိုက်ပြီ

မျိုးစောင့်ဥပဒေများဟု လူသိများသည့် ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို အမျိုး သားလွှတ်တော်ဥပဒေကြမ်း ကော်မတီ၏ ပြင်ဆင်ချက်များဖြင့် ယနေ့လွှတ်တော် အစည်းအဝေးတွင် အတည်ပြုလိုက်သည်။

ပထမအကြိမ် အမျိုးသားလွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၄၈ ရက်မြောက်တွင် ကိုးကွယ်ရာ ဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို တစ်ပိုဒ်စီအလိုက် အမျိုးသားလွှတ်တော်တွင် အတည်ပြုလိုက်ခြင်း ဖြစ်သည်။

အဆိုပါဥပဒေကြမ်းကို အခန်း ၇ ခန်းပါဝင်ပြီး ပုဒ်မ ၂၇ ခုဖြင့် ရေးဆွဲအတည်ပြုလိုက်ခြင်း ဖြစ်သည်။ မည်သူ မျှ မည်သည့်ဘာသာ သာသနာကိုမဆို စော်ကားရန်၊ အကြည်ညိုပျက်စေရန်၊ သို့မဟုတ် အလွဲသုံးစားပြုရန် အကြံဖြင့် ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်း မပြုရဆိုသည့် အဆိုပါ ပုဒ်မ ၁၄ ကို ဖောက်ဖျက် ကျူးလွန် ထင်ရှားလျှင် ထောင်ဒဏ် နှစ်နှစ်ဖြစ်စေ၊ ငွေဒဏ်ကျပ် နှစ်သိန်းဖြစ်စေ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထား သည်။

အဆိုပါ ဥပဒေကြမ်း ပြဋ္ဌာန်းရန် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဆွေးနွေးညှိနှိုင်းပြီး ဖြစ်ပါသည်ဟု အမျိုးသားလွှတ်တော်တွင် ဥပဒေကြမ်းကော်မတီ အစီရင်ခံစာတွင် ပါရှိသည်။

ယနေ့ ပြည်ထောင်စုလွှတ်တော်တွင်လည်း မျိုးစောင့်ဥပဒေများမှ တစ်ခုအပါအဝင်ဖြစ်သည့် လူဦးရေ တိုး ပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကြမ်းနှင့် စပ်လျဉ်းပြီး နိုင်ငံတော် သမ္မတက သဘောထားမှတ်ချက်ဖြင့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ ပေးပို့ခဲ့သည်။

လူဦးရေ ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေသည် လူမှုစီးပွားရေးဆိုင်ရာ ရိုက်ခတ် မှုများနှင့် လူအခွင့်အရေးဆိုင်ရာ ရိုက်ခတ်ချက်များကို ကျော်လွန်ပြဋ္ဌာန်းသည့် ဥပဒေ ပြဋ္ဌာန်းမှုများ မဖြစ် စေရန် အလွန်အရေးကြီးသည်ဟု ပြည်ထောင်စုလွှတ်တော်တွင် ကိုယ်စားလှယ် ဒေါက်တာဒေါ်မေ၀င်းမြင့် က ဆွေးနွေးသည်။

“အမှန်စင်စစ်မှာ တိုင်းရင်းသားများ၏ဆန္ဒ၊ အမျိုးသမီးများ၏ အခွင့်အရေး၊ မိသားစုအခွင့်အရေး၊ လူ့ အခွင့် အရေးပါ ကြေညာစာတမ်းပါ လူ့အခွင့်အရေး ရိုက်ခတ်မှုများစွာ ရှိနိုင်သဖြင့် နိုင်ငံတော်သမ္မတ ဦးဆောင် ၍ ပြည်ထောင်စု အစိုးရအဖွဲ့နှင့် အကြံပေးပုဂ္ဂိုလ်များအနေနဲ့ နိုင်ငံတော် သမ္မတ လက်မှတ်ရေးထိုး မထုတ် ပြန်မီ လေးလေးနက်နက် သုံးသပ်သင်ပါတယ်” ဟု ဒေါက်တာ မေဝင်းမြင့်က ဆက်ဆွေးနွေးသည်။

လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကို ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် ၁၂ ကြိမ်မြောက် အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်များအတိုင်း အတည်ပြု ပြဋ္ဌာန်းလိုက်သည်။

Mizzima - News in Burmese 

No comments:

Post a Comment