Friday 15 May 2015

ဦးနေမျိုးဇင် အပါအဝင် ခြောက်ဦး ထောင်ဒဏ် လေးနှစ် လေးလစီကျ

လက်ပံတောင်းစီမံကိန်းတွင် ဆန္ဒပြသူ ဒေါ်ခင်ဝင်းအား ပစ်သတ်ခံရမှုအတွက် တရုတ်သံရုံးရှေ့ ဆန္ဒပြ သည့် ဗိုလ်ကြီး(ဟောင်း) နေမျိုးဇင်၊ ဒေါ်နော်အုန်းလှ၊ ကိုတင်ထွဋ်ပိုင် အပါအဝင် ငါးဦးကို ဒဂုံမြို့နယ် တရားရုံးတွင် အမိန့်ချမည့် မေ ၁၅ ရက်၌ ရဲများက ကြိုးဝါများဖြင့် စည်းတားထားသဖြင့် ရုံးထုတ်လာသူ များက ယင်းလုပ်ရပ်အပေါ် ကျေနပ်မှု မရှိဟုဆိုကာ အော်ဟစ်ကာ တရားရုံးရှေ့တွင် ဆန္ဒပြနေသည်ကို တွေ့မြင်ရစဉ်။ (ဓာတ်ပုံ - သက်ကို၊ မဇ္ဈိမ)
လက်ပံတောင်းတောင် အရေးနှင့် ပတ်သက်ပြီး တရုတ်သံရုံးရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့ခြင်းကြောင့် တရားစွဲ ဆိုခံထားရသည့် ဦးနေမျိုးဇင် အပါအ၀င် ခြောက်ဦးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် လေးနှစ် လေးလစီ ပြစ်ဒဏ်ကျခံစေရန် ဒဂုံမြို့နယ် တရားရုံးက မေလ ၁၅ ရက်တွင် အမိန့်ချမှတ်လိုက်သည်။

၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်က လက်ပံတောင်း အရေးနှင့် ဒေါ်ခင်ဝင်း သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့မှု အတွက် တရုတ်သံရုံးရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့သဖြင့် ဦးနေမျိုးဇင် အပါအဝင် ခုနစ်ဦးကို တရားစွဲဆိုထား သော်လည်း တစ်ဦးမှာ ဖမ်းဆီးမရသေးဘဲ ကျန်ခြောက်ဦးကို အမိန့်ချလိုက်ခြင်း ဖြစ်သည်။

အလုပ်နှင့် ထောင်ဒဏ် ချမှတ်ခံရသူ ခြောက်ဦးမှာ ဦးနေမျိုးဇင်၊ ဒေါ်နော်အုန်းလှ၊ ဒေါ်စိန်ထွေး၊ ကိုတင်ထွဋ်ပိုင်၊ ဒေါ်စန်စန်းဝင်း၊ ဦးသန်းဆွေတို့ ဖြစ်သည်။

ဒဂုံမြို့နယ် တရားရုံးက ၄င်းတို့ကို ရုန်းရင်းဆန်ခတ်မှု၊ တာဝန်ထမ်းဆောင်နေသည့် ပြည်သူ့ဝန်ထမ်းကို ကိုယ်ထိလက်ရောက် ကျူးလွန်မှုနှင့် နိုင်ငံတော် အကြည်အညိုပျက်စေမှု ဥပဒေပုဒ်မများဖြစ်သည့် ၁၄၇/၃၅၃/၅၀၅ (ခ) တို့အပြင် ပုဒ်မ ၁၈ ဖြင့်ပါ စွဲချက်တင်ထားခြင်းဖြစ်ပြီး အဆိုပါ ပုဒ်မများအတွက် ထောင် ဒဏ် လေးနှစ်နှင့် လေးလစီ ချမှတ်လိုက်ခြင်း ဖြစ်သည်။

Mizzima - News in Burmese​ 

No comments:

Post a Comment