Friday 15 May 2015

အင်းတကော် နှစ်လောင်းပြိုင် လူသတ်မှု အဓိကကျူးလွန်သူ လာရောက်အဖမ်းခံ

ညီအစ်ကိုနှစ်ဦးကို လက်ပြန်ကြိုးတုပ်ကာ သတ်ဖြတ်ပြီး အင်းတကော်တွင် အလောင်းစွန့်ပစ်ခဲ့မှုနှင့် ပတ် သက်၍ အဓိကပြစ်မှုကျူးလွန်သူ အသက် ၃၂ နှစ်အရွယ် အမျိုးသားတစ်ဦးမှာ ကရင်ပြည်နယ် ဘားအံ မြို့နယ် ရဲစခန်းတွင် မေလ ၁၃ ရက်ညပိုင်းက ကိုယ်တိုင်လာရောက် အဖမ်းခံခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကြီးဝင်းစိန်က ပြောကြားသည်။

“လာအဖမ်းခံသူက အသတ်ခံရတဲ့ အမျိုးသားနှစ်ဦးကို ဓားနဲ့ထိုးသတ်ခဲ့သူလို့ ကနဦး စစ်ဆေးချက်တွေအရ သိရတယ်၊ သူ့ဇနီးက ဥပဒေအရ ပြစ်ဒဏ်ခံယူဖို့ ဖျောင်းဖျပေးခဲ့လို့ ဘားအံရဲစခန်းမှာ ကိုယ်တိုင် လာအဖမ်း ခံခဲ့တယ်။ တစ်ယောက်က လွတ်နေဆဲမို့ စုံစမ်းနေတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါ လူသတ်မှု အဓိကကျူးလွန်သူ အသက် ၃၂ နှစ် အရွယ်ရှိ ဦးကျော်သူရမှာ ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့တွင် နေထိုင်သူဖြစ်ကြောင်း၊ လက်ပြန်ကြိုးတုပ် သတ်ဖြတ်မှု မဖြစ်ပွားခင် ဦးကျော်သူရနှင့် ဦးမျိုးသက်တို့ နှစ်ဦးမှာ ရန်ကုန်သို့ လာရောက်ကာ သေဆုံးသူများနှင့် ဆက်သွယ်ခဲ့ရာတွင် တည်းခိုခဲ့သည့် နေအိမ်မှ အမျိုးသားတစ်ဦးမှာ လူသတ်မှု ဖြစ်ပွားခဲ့သည့်နေ့က ၎င်းပါ ပူးပေါင်းပါဝင်ခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သောကြောင့် ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

အသတ်ခံရသော ဦးညွန့်ဝေနှင့် ဦးညွန့်ဝေ၏ အစ်ကို ဦးညွန့်ဆွေတို့မှာ စမ်းချောင်းမြို့နယ်ရှိ ကျော်ကျော်နိုင် မိသားစု နည်းပညာဝန်ဆောင်မှု ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ၌ လုပ်ကိုင် နေသူများ ဖြစ်ကြောင်း၊ ၂၀၁၃ ခုနှစ်က အမျိုးသားခြောက်ဦးကို ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် ပို့ဆောင်ပေးမည်ဟုဆိုကာ တစ်ဦးလျှင် ငွေကျပ် သိန်း ၁၁၀ ယူခဲ့သောကြောင့် ငွေလိမ်ခံရသူ ခြောက်ဦးအနက် နှစ်ဦးက သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ပဲခူးခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

“လူသတ်မှု ကျူးလွန်ခဲ့တဲ့ နှစ်ယောက်မှာ ဧရာဝတီတိုင်း ကျုံပျော်မှာ နေတဲ့ မျိုးသက်ကို မေလ ၇ ရက် နေ့က ဖမ်းမိတယ်။ စစ်ဆေးချက်အရ သူက သေဆုံးသူ နှစ်ယောက်ကို လက်ပြန်ကြိုး တုပ်ခဲ့တယ်။ အခု စခန်းမှာ လာရောက်အဖမ်းခံသူ ကျော်သူရက ဓားနဲ့ ထိုးသတ်တာလို့ သိရတယ်။ လူသတ်ပြီး အလောင်း စွန့်ပစ်ခဲ့ရာမှ ကူညီခဲ့တဲ့ ကားသမား နှစ်ယောက်ကိုလည်း ဖမ်းမိထားပါတယ်” ဟု ပဲခူးခရိုင် ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး လှဦးက ပြောကြားသည်။

အင်းတကော် နှစ်လောင်းပြိုင် လူသတ်မှုမှ ဂျပန်နိုင်ငံတွင် အလုပ်အကိုင်ရမည် ဆိုကာ ငွေများ လိမ်လည်ခံ ရသည့် ကျော်သူရနှင့် မျိုးသက်၊ အလောင်းစွန့်ပစ်ရာတွင် ကူညီခဲ့သည့် အငှားယာဉ်မောင်း သက်ဇော်ထွန်း နှင့် ဇေယျာတို့ လေးဦးကို ဖမ်းမိခဲ့ပြီး (ပ) ၅၈/၁၅၊ ပုဒ်မ ၃၀၂/၂၀၁ ဖြင့် အမှုဖွင့်စစ်ဆေးကာ ကျန်လွတ် မြောက်နေသူ အမျိုးသားကို ဆက်လက်စုံစမ်းနေကြောင်း ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရ သည်။

ဂျပန်နိုင်ငံတွင် အလုပ်အကိုင်ရမည်ဆိုကာ ငွေကျပ် သိန်း ၆၉၀ လိမ်လည်ခဲ့သည့် ကျော်ကျော်နိုင် နည်း ပညာဝန်ဆောင်မှု ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီမှ ဥက္ကဋ္ဌ ဦးကျော်ကျော်နိုင်မှာ ငွေများ ယူဆောင်၍ စင်ကာပူနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သော်လည်း ရန်ကုန်မြို့တွင် ကျန်ရှိခဲ့သော ယင်း အေဂျင်စီမှ အသက် ၅၂ နှစ် အရွယ်ရှိ ဦးညွန့်ဝေမှာ ငွေလိမ်ခံရသူ လူငယ်များ၏ တရားစွဲဆိုမှုကို ရင်ဆိုင် ဖြေရှင်းနေရစဉ် အလိမ်ခံရသူ လူငယ်နှစ်ဦးက စိတ်မထိန်းနိုင်ဖြစ်ရာမှ ဦးညွန့်ဝေနှင့် ဦးညွန့်ဝေ၏ အစ်ကို ဖြစ်သူတို့ကို သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ယင်းအမှုကို စစ်ဆေးနေသည့် ရဲအရာရှိထံမှ သိရသည်။

The Voice Weekly 

No comments:

Post a Comment