Friday 15 May 2015

ဖိလစ်ပိုင်တွင် ဖိနပ်စက်ရုံ မီးလောင် ၇၂ ဦး သေဆုံး

ဖိလစ်ပိုင်နိုင်ငံ မြို့တော်မနီလာရှိ ဖိနပ်စက်ရုံတစ်ရုံ မီးလောင်သွားသဖြင့် သေဆုံးသူ ၇၂ ဦး ရှိကြောင်း BBC သတင်းတစ်ရပ်က ဖော်ပြထားသည်။

မီးလောင်မှုတွင် တာဝန်ရှိသူကို အရေးယူမည်ဟု ရဲက ကြေညာထားပြီး လုံခြုံရေးဆိုင်ရာ အစီအမံများ အားနည်းသည်ဟု အလုပ်သမားများဘက်မှ ကန့်ကွက်လျက် ရှိကြသည်။ “လူတွေ သေဆုံးသွားတာ ဖြစ်တဲ့အတွက် အရေးယူမှုက ရှိရမှာ ဖြစ်ပါတယ်” ဟု လက်ရှိရဲချုပ် လီယိုနာဒို အက်စ်ပီနာက ပြောကြားသည်။

အဆောက်အအုံ အဝင်ဝနားရှိ မီးတောက်နိုင်သော ဓာတုပစ္စည်းများပေါ်သို့ ဂဟေဆော်ရာမှ မီးပွားကျသွား သောကြောင့် မီးလောင်ရခြင်းဟု ရဲတပ်ဖွဲ့က ဆိုထားသည်။

ဖိလစ်ပိုင်နိုင်ငံတွင် လုံခြုံရေးဆိုင်ရာ အစီအစဉ်များ လိုက်နာခြင်း အားနည်းမှုကြောင့် မီးဘေးများ ဖြစ်လေ့ ရှိပြီး ဆင်းရဲနွမ်းပါးသော ဒေသများတွင် အဖြစ်များသည်။

ဗုဒ္ဓဟူးနေ့တွင်ဖြစ်ပွားသော အဆိုပါမီးသည် လျင်မြန်စွာ ကူးစက်သွားခဲ့ပြီး လူအနည်းငယ်သာ လွတ်မြောက် သွားခဲ့သည်။

သေဆုံးသူ အများစုမှာ ဒုတိယထပ်တွင် ပိတ်မိနေကြသူများ ဖြစ်ကာ ပြတင်းပေါက်ရှိ သံတိုင်များကြောင့် ထွက်ပြေး၍ မရနိုင်ခြင်းဖြစ်သည်ဟု အသက်ရှင် ကျန်ရစ်ကြသူများက ဆိုသည်။

ရော်ဘာများ၊ ဓာတုပစ္စည်းများ လောင်ကျွမ်းရာမှ ထွက်လာသော မီးခိုးများမွှန်ကာ အသက်ရှူကျပ်ခြင်း ကြောင့် သေဆုံးရခြင်း ဖြစ်သည်။

ဖိနပ်စက်ရုံကို ကန်တက်စ် ထုတ်လုပ်ရေးလုပ်ငန်းစုက ပိုင်ဆိုင်ပြီး အခင်းဖြစ်စဉ်အတွင်း စက်ရုံအတွင်း၌ အလုပ်သမား ၂၀၀ မှ ၃၀၀ အတွင်း ရှိသည်ဟု သိရသည်။

အန္တရာယ်များကာ လူသေခဲ့သည့် လုပ်ငန်းခွင် အခြေအနေနှင့် ပတ်သက်ပြီး အလုပ်သမား အချို့ကလည်း ဆန္ဒပြလျက် ရှိကြသည်။

The Voice Weekly 

No comments:

Post a Comment