Friday 15 May 2015

နယ်မြေမတည်ငြိမ်ပါက ရှမ်းနှင့် ကချင်ပြည်နယ်ရှိ ဒေသအချို့တွင် ရွေးကောက်ပွဲမလုပ်ဟု ဦးတင်အေးဆို

တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များ အကြား တိုက်ပွဲများ ဖြစ်ပွားနေသော ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်အတွင်းရှိ ဒေသများတွင် နယ်မြေတည်ငြိမ်မှု မရှိပါက ရွေးကောက်ပွဲ ပြုလုပ်မည် မဟုတ် ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။
မေလ ၁၄ ရက်နေ့ ရန်ကုန်မြို့တော် မီကာဆာဟိုတယ်တွင် ပြုလုပ်သည့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ တွေ့ဆုံပွဲတွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ၎င်းက ယင်းသို့ ပြောကြားခြင်းဖြစ်သည်။

“အခြေအနေပေါ် မူတည်တယ်။ အေးချမ်းသွားမယ်။ မဲရုံတွေ ဖွင့်လှစ်ခွင့်ရမယ် ဆိုရင် ရွေးကောက်ပွဲ လုပ်မယ်။ တည်ငြိမ်မှုမရှိဘူး။ လက်နက်နဲ့ ခြိမ်းခြောက်ပြီး မဲထည့်ခိုင်းတာတွေ ဖြစ်မယ် ဆိုရင်တော့ ကျင်းပ နိုင်မှာ မဟုတ်ဘူး၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ မဖြစ်နိုင်ဘူးဆိုတာ တစ်မြို့နယ်လုံး ဖြစ်နေရင် အဲဒီတစ်မြို့နယ်လုံးကို ရွှေ့လိုက်ရမှာပဲ” ဟု ၎င်းကဆိုသည်။

ထို့အပြင် ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် သက်တမ်းကုန်ဆုံးမည် ဖြစ်ပြီး လွှတ်တော်သက်တမ်းမကုန်မီ ရက်ပေါင်း ၉၀ အတွင်း အထွေထွေရွေးကောက်ပွဲ ပြုလုပ်ရမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် နည်းဥပဒေများအတွင်း ပြဋ္ဌာန်းထားသောကြောင့် အထွေထွေ ရွေးကောက်ပွဲကို မူလသတ်မှတ်ထားသော အောက်တိုဘာလကုန်နှင့် နိုဝင်ဘာလဆန်းပိုင်းအတွင်း ကျင်းပ မည်ဖြစ်ပြီး ရွေးကောက်ပွဲ ကာလကို ရွှေ့ဆိုင်းမည် မဟုတ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

အဆိုပါ မတည်ငြိမ်သော ဒေသများ၌ ရွေးကောက်ပွဲ ပြုလုပ်မည် ဆိုပါက မဲဆန္ဒရှင်စာရင်း ကောက်ယူ ခြင်းနှင့် အခြားရွေးကောက်ပွဲ လုပ်ငန်းစဉ်များ လုပ်ဆောင်ရန် အချိန်လုံလောက်စွာ ရရှိရန်လိုအပ်သော ကြောင့် နယ်မြေတည်ငြိမ်မှု အမြန်ဆုံး ဖြစ်ပေါ်လာရေးကိုသာ မျှော်လင့်ကြောင်း ကချင်ပြည်နယ် မဲဆန္ဒ နယ် အမှတ် (၁) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန်က ဆိုသည်။

“ရွေးကောက်ပွဲ မလုပ်ဘူး ဆိုတာနဲ့ အဲဒီဒေသက လူတွေအတွက် ဒီမိုကရေစီ အခွင့်အရေး ဆုံးရှုံးတာပဲလေ။ အခု မတည်ငြိမ်တဲ့ ဒေသတွေ အမြန်ဆုံး တည်ငြိမ်ဖို့အတွက်ပဲ မျှော်လင့်ရမှာပဲ” ဟု ဆိုသည်။ လက်ရှိတွင် ရှမ်းပြည်အရှေ့မြောက်ပိုင်း တပ်မတော်နှင့် ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့၊ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA၊ ရက္ခိုင့်တပ်မတော် AA တို့နှင့် တိုက်ပွဲများ ဖြစ်ပွားနေပြီး မေလ ဒုတိယပတ်အတွင်း ကချင်ပြည်နယ် မန်စီမြို့နယ်အတွင်း တပ်မတော်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA တို့ နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ထို့အပြင် လောက်ကိုင်ဒေသအတွင်း စစ်အုပ်ချုပ်ရေး ကြေညာထားခြင်းကို ရက်ပေါင်း ၉၀ ထပ်မံတိုးမြှင့် ပေးရန်အတွက် မေလ ၁၄ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော်သို့ ကာကွယ်ရေး ဝန်ကြီး ဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က နိုင်ငံတော်သမ္မတ ကိုယ်စား အဆိုတစ်ရပ် တင်သွင်းလာပြီး မေလ ၁၅ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးအတည်ပြုမည် ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။

အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲမတိုင်မီ ကြားကာလ နိုင်ငံရေး တည်ငြိမ်မှု ရှိရန် အရေးကြီးကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားထားသည်။

The Voice Weekly 

No comments:

Post a Comment