Friday 15 May 2015

အမျိုးသားကဇာတ်ရုံဘေးတွင် ဖွင့်ထားသည့်ဆိုင်ကို ဘားဟု ထင်သည့် အတွက် ဝင်ရောက် စစ်ဆေး

ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်၊ အမျိုးသားကဇာတ်ရုံ နံဘေးတွင် ဖွင့်လှစ်ထားသည့် The Icon Bistro ဟူသည့် စားသောက်ဆိုင်ကို မေ ၁၃ ရက်၊ ည ၁၀ နာရီခန့်က ရန်ကုန်တိုင်း နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်း အပါအဝင် ရန်ကုန်တိုင်းအစိုးရအဖွဲ့က ဝင်ရောက်စစ်ဆေးခဲ့သည်။

ယင်းသို့ ဝင်ရောက်စစ်ဆေးခြင်းမှာ ဆိုင်၏ အမည်ကြောင့် ဘားဟု ထင်သည့်အတွက် ဝင်ရောက်စစ်ဆေး ခြင်း ဖြစ်နိုင်သည်ဟု အဆိုပါဆိုင်၏ လက်ထောက်မန်နေဂျာက ဆိုသည်။

အဆိုပါ ဆိုင်၏ လက်ထောက်မန်နေဂျာ ကိုဝဏ္ဏလင်းက "Bistro ဆိုတဲ့ အဓိပ္ပာယ်က အင်္ဂလိပ်လို နိုက်ကလပ် လို့ အဓိပ္ပာယ် သက်ရောက်နေပေမယ့် ပြင်သစ်လို စားသောက်ဆိုင် အသေးလို့ အဓိပ္ပာယ် သက်ရောက်ပါတယ်။ အဲ့ဒါကြောင့် တာဝန်ရှိသူတွေက သေချာအောင် ၀င်စစ်တာလို့ ထင်ပါတယ်။ ကျွန်တော်တို့ ဆိုင်က ဘား၊ ကလပ် တစ်ခုမှ မဟုတ်ပါဘူး၊  စားသောက်ဆိုင်ပါ" ဟု ပြောသည်။

ဆိုင်ကို ၀င်ရောက်စစ်ဆေးပြီး ရရှိသည့် အချက်အလက်များကို သက်ဆိုင်ရာသို့ ပြန်လည်တင်ပြ ထားသည်ဟု ရန်ကုန်တိုင်း အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကို ပြောသော်လည်း မည်သည့် အကြောင်း ကြောင့် ၀င်ရောက် စစ်ဆေးသည် ဆိုခြင်းကိုမူ အတိအကျ မပြောပေ။

"ဆိုင်ကို ၀င်ရောက်စစ်ဆေးပြီး တွေ့ရှိတဲ့ အချက်တွေကို ပြည်ထောင်စုအစိုးရအဖွဲ့ကို တင်ပြထားပါတယ်" ၎င်းက ဆိုသည်။

အဆိုပါ The Icon Bistro စားသောက်ဆိုင်သည် အမျိုးသား ကဇာတ်ရုံ နံဘေးတွင် ၂၀၁၄၊  ဒီဇင်ဘာလ အတွင်းက စတင်ဆောက်လုပ်ခဲ့ပြီး ဆောက်လုပ်ရေးပိုင်း မပြီးပြတ်သေးသဖြင့် ၂၀၁၅၊ ဖေဖော်ဝါရီလ အတွင်းမှ စတင်၍ စမ်းသပ်ဖွင့်လှစ်ထားကာ လာမည့်လပိုင်းဝန်းကျင်တွင် တည်ဆောက်မှု ပြီးပြတ်ပါက ဖွင့်ပွဲအခမ်းအနား ပြုလုပ်ကာ ဖွင့်လှစ်သွားမည်ဟု အဆိုပါဆိုင်၏ လက်ထောက်မန်နေဂျာက ဆိုသည်။

Mizzima - News in Burmese 

No comments:

Post a Comment